ထားဝယ်တွင် စစ်ဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာနှင့် အသုံးအဆောင်များတင်လာသည့်ကား အဖမ်းခံရ

0
2350

ထားဝယ်အရှေ့တောဒေသက စစ်ဘေးသင့်ပြည်သူများကို ထောက်ပံ့ပေးအပ်မည့် စားနပ်ရိက္ခာနှင့် အသုံးအဆောင် ပစ္စည်းများ တင်ဆောင်လာသည့် ကားကို ပကာရီရဲကင်းစခန်း စစ်ဆေးရေးဂိတ်က မတ်လ ၂၈ ရက်က ဖမ်းဆီးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

စားနပ်ရိက္ခာများ၊ အိုးခွက်၊ ဖျာ၊ အမိုးအကာ စသည့် ပစ္စည်းများ တင်ဆောင်လာသည့်ကားဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

PDF များနှင့် ဆက်စပ်နိုင်သည်ဟု သံသယဖြင့် စွပ်စွဲကာ ထောက်ပံ့ရေးပစ္စည်းများ၊ ကားတို့ကို ပကာရီစစ်ဆေးရေး ဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက သိမ်းဆည်းထားပြီး ကားသမားသားအဖတို့ကိုလည်း ဖမ်းဆီးခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။

အဆိုပါပစ္စည်းများကို NGO တစ်ခုက စစ်ဘေးသင့်ပြည်သူတွေအတွက် ကူညီထောက်ပံ့ခဲ့တာဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယခင်ကလည်း တစ်ကြိမ်ထောက်ပံ့ဖူးပြီး ဝကုန်းကျေးရွာက စစ်ဘေးသင့်ပြည်သူများ၊ နေအိမ်မီးရှို့ခံရသူများနှင့် နေအိမ်ဖျက်ဆီးခံရသည့် ပြည်သူများ အထောက်အပံ့များ ရရှိခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

“စစ်ဘေးရှောင်တွေအတွက်လှူတဲ့ အိုးခွက် ပန်းကန်တို့၊ အဝတ်အစားတို့ ပြီးတော့ ဖျာတွေ အဲဒီလိုမျိုးတွေပေါ့။ ကျွန်တော်တို့ရွာမှာ တစ်ရွာလုံးနီးပါး (စစ်ဘေးသင့်ပြည်သူတွေ) ပဲလေ။ အားလုံးသူတို့ စာရင်းနဲ့တင်ပြီး လှူးပေးကြတာ” ဟု ဝကုန်းကျေးရွာမှ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

ယခုဒုတိယအကြိမ်တွင် အခြားကျေးရွာများက စစ်ဘေးသင့်ပြည်သူများကို ထောက်ပံ့ရန် သယ်ဆောင်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

“ကားကတော့ ဝကုန်းက ကားပါ။ ကားသမားရော ပစ္စည်းတွေရော ပကာရီရဲကင်းစခန်းမှာ ဖမ်းထားတုန်းပဲ” ဟု အထက်ပါ လူငယ်အမျိုးသားက ပြောဆိုသည်။

ပစ္စည်းများကို ပကာရီရဲကင်းစခန်းရှေ့ လမ်းဘေးတွင် ယနေ့ မတ်လ ၃၀ ရက် ညနေပိုင်းအထိ စုပုံထားဆဲဖြစ်ကြောင်း ပကာရီကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

ဝကုန်းရွာသား အသက် ၅၀ ကျော်အရွယ် ကားသမား ဦးစိုးဝင်းနှင့် အသက် ၁၄ နှစ်ခန့်အရွယ် သားဖြစ်သူတို့ ဖမ်းဆီးခံရခြင်း ဖြစ်ပြီး သားဖြစ်သူကိုမူ မတ်လ ၂၈ရက်က ပြန်လွှတ်ပေးလိုက်ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။

ကားသမား ဦးစိုးဝင်း ပြန်လည်လွှတ်မြောက်လာသည့် သတင်းမကြားရသေးကြောင်း ၎င်းက ဆိုသည်။

အရှေ့တောဒေသဘက်ကို ဆန်သယ်ယူခွင့်ပိတ်ထားပြီး အခြားစားသောက်ကုန်နှင့် အဝတ်အထည် ပစ္စည်းများကိုလည်း သယ်ယူရာတွင် ကန့်သတ်မှုများရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

ထားဝယ်မြို့မှ အရှေ့တောဒေသကိုလာလျှင် ဗျောတောဝဂိတ်၊ သဗျာဂိတ်၊ ၈ မိုင်ဂိတ်၊ ပကာရီရဲကင်းစခန်းဂိတ်ဆိုပြီး စစ်ကောင်စီဂိတ် လေးငါးခုခန့်ရှိသည်။

ဒေသခံများ သယ်ဆောင်လာသည့် ဆန်၊ ငါးသေတ္တာ၊ မားမားစသည့် စားနပ်ရိက္ခာနှင့် အသုံးအဆောင် ပစ္စည်းများကိုလည်း ပကာရီရဲကင်းစခန်းဂိတ်က မကြာခဏဖမ်းဆီးလေ့ရှိကြောင်း ဒေသခံတို့က ပြောသည်။

ပစ္စည်းများကို သိမ်းဆည်းခြင်း၊ ငွေဖြင့် လူကိုပြန်ရွေးရခြင်း၊ ပစ္စည်းသယ်ယူခွင့်ရရန် ငွေကြေးပေးရခြင်းတို့ ရှိသည်ဟုလည်း ပြောဆိုကြသည်။