ထိုင်းတွင် ဗီဇာမလိုဘဲနေထိုင်ခွင့် ၁၄ရက်သာ ရတော့မည်

0
2285

ထိုင်းနိုင်ငံသို့ မြန်မာအပါအဝင် နိုင်ငံအချို့က နိုင်ငံသားများကို ဗီဇာမလိုဘဲ ၄၅ ရက် နေထိုင်ခွင့် ပေးထားရာမှ လာမည့် ဧပြီလ ၁ ရက်ကစပြီး ၁၄ ရက်သာပေးတော့မည်ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ စစ်ကောင်စီ၏ မြန်မာသံရုံးက ယနေ့ ထုတ်ပြန်လိုက်သည်။

ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သော နိုင်ငံခြားသားခရီးသွားများအတွက် ၂၀၂၂ ခုနှစ် အောက်တိုဘာလမှစ၍ ဗီဇာမလိုဘဲ ၄၅ ရက် နေထိုင်ခွင့်ပြုပေးခဲ့ပြီး ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စမ်းသပ်ကာလ ကုန်ဆုံးမည်ဖြစ်သည်။

ယခင်က ခွင့်ပြုပေးထားခဲ့အတိုင်း ဗီဇာမလိုဘဲ ၁၄ ရက်ကြာ နေထိုင်ခွင့်ကိုသာ ပြန်လည်ခွင့်ပြုတော့မည်ဖြစ်သည်။

“ထိုင်းအစိုးရ ဆုံးဖြတ်ချက်ပါရှင့်။ ၄၅ ရက်က စမ်းသပ်ကာလအနေနဲ့ လပိုင်းပဲ ပေးတာပါ။ အဲ့ဒါကို ဆက်မပေးတော့ဘဲ ဖြုတ်လိုက်တာပါ” ဟု ခရီးသွားအေဂျင်စီတစ်ခုမှ တာဝန်ရှိသူကလည်း ပြောသည်။

ရက်ရှည်နေထိုင်လိုသည့် မြန်မာနိုင်ငံသားများအနေဖြင့် ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင် လျှောက်ထားရမည်ဖြစ်ကြောင်းလည်း မြန်မာသံရုံးက အသိပေးထားသည်။

၁၄ ရက်ထက်ကျော်လွန်နေထိုင်လိုပါက ရက် ၆၀ ခရီးသွားဗီဇာကို ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင် လျှောက်ထား နိုင်ကြောင်း အထက်ပါ ခရီးသွားအေဂျင်စီတစ်ခုမှ တာဝန်ရှိသူက ပြောဆိုသည်။

လာမည့်ဧပြီလအတွင်း လေယာဉ်လက်မှတ်ကို ၁၄ ရက်ထက် ကျော်လွန်ဝယ်ယူထားပါကလည်း Tourist Visa လျှောက်ခြင်း၊ ၁၄ ရက်အတွင်းဝင်အောင် ရက်ပြန်ချိန်းခြင်းများ ပြုလုပ်ရမည်ဖြစ်သည်ဟုဆိုသည်။

မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံတွင် ဗီဇာမလိုဘဲ ၁၄ ရက်နေထိုင်နိုင်ပြီး နောက်ထပ် ရက် ၃၀ ဗီဇာကို ထိုင်းနိုင်ငံရှိ မြန်မာသံရုံးထောက်ခံချက်ဖြင့် သက်တမ်းတိုးလျှောက်ထားနိုင်ကြောင်း ဘီဘီစီ မြန်မာပိုင်းသတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဆိုက်လျှောက်ဗီဇာဖြင့် သွားလာသူများမှာ ထိုင်းတွင် ရက် ၃၀ နေထိုင်ခွင့်ရှိသည်။