ဖမ်းဆီးခံထားရသည့် လောင်းလုံးမြိုနယ်မှ စစ်ဘေးရှောင် အများစုပြန်လွတ်

0
2109

လောင်းလုံးမြို့နယ်တွင် စစ်ဘေးရှောင်းရင်း အဖမ်းခံလိုက်ရသူ ၁၃ ဦးအနက် ၁၂ ဦး ပြန်လွတ်လာပြီဖြစ်ကြောင်း ‌မိသားစုဝင်များကပြောသည်။

လောင်းလုံးမြို့နယ် ကျေးရွာတစ်ရွာတွင် စစ်ဘေးရှောင်နေသူများကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က မတ်လ ၁၇ ရက်နေ့တွင် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး မတ်လ ၂၉ ရက် ညနေပိုင်းတွင် ပြန်လွတ်လာခြင်းဖြစ်သည်။

အဖမ်းခံရသူများမှာ လောင်းလုံးမြိူ့နယ် ဇလွတ်ကျေးရွာဒေသခံများဖြစ်ပြီး ရွာအနီးတိုက်ပွဲများကြောင့် တိမ်းရှောင်နေစဉ် စစ်ကောင်စီတပ်က ဖမ်းသွားခြင်းဖြစ်သည်။

၁၁ ရက်အကြားဖမ်းဆီးသွားသည့် ကာလအတွင်း လောင်းလုံးမြို့နယ် တစ်ကြော စစ်ကြောင်းထိုးရာ တစ်လျှောက် စစ်ကောင်စီတပ်နှင့်အတူ လိုက်ပါနေရကြောင်း မိသားစုဝင်တစ်ဦးကဆိုသည်။

“တောင်‌တွေတောင် သုံးလုံးလောက် ကျော်ခဲ့ရတယ်” ဟု မိသားစုဝင်တစ်ဦးကဆိုသည်။

ဖမ်းဆီးခံထားရစဉ်အတွင်း မိသားစုဝင်များနှင့် လုံးဝအဆက်အသွယ်‌ပြတ်တောက်နေခဲ့သည်။

အဖမ်းခံသူများအနက် လူလတ်ပိုင်းအရွယ် ကိုမျိူးဇော်ဦးဆိုသူတစ်ဦးမူ ပြန်လွတ်သည့်အထဲ မပါ‌သေးကြောင်း မိသားစုဝင်တစ်ဦးကပြောသည်။

၎င်းကိုမည်သည့်နေရာတွင် ဖမ်းထားကြောင်းကို မသိရဟုဆိုသည်။

စစ်ကောင်စီတပ်သည် လောင်းလုံးမြို့နယ်တစ်ကြောကို မတ်လ ၂ ရက်မှစပြီး တစ်ရွာဝင်တစ်ရွာထွက်ပုံစံ စစ်ကြောင်းထိုးခဲ့သည်။

စစ်ကြောင်းထိုးစဉ်တွင် ဒေသခံများကိုဖမ်းဆီးခံရခြင်း၊ နေအိမ်တစ်ရာကျော် မီးရှို့ဖျက်ဆီးခံရခြင်းနှင့် ဒေသခံ ၅ ဦးထက်မနည်း ပစ်သတ်ခံရခြင်းတို့ ရှိခဲ့သည်။