ပုလော မင်းထိန်ရွာအတွင်း လက်နက်ကြီးကျည်ကျပြီး တစ်နှစ်ခွဲသားကလေးနှင့် မိခင်တို့ဒဏ်ရာရ

0
2234

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းထိန်ရွာအတွင်း ယနေ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး သားအမိနှစ်ဦး ဒဏ်ရာရကြောင်း ဒေသခံရွာသားများက ပြောသည်။

ယနေ့ မတ်လ ၃၀ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်က စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခြင်းဖြစ်ပြီး အသက် ၃၀ ကျော်အရွယ်မိခင်နှင့် အသက် ၁ နှစ်ခွဲသား ကလေးငယ်တို့တွင် ကျည်စထိမှန်ကြောင်း ရွာသားများက ဆိုသည်။

“အိမ်ရှေ့ကခုံမှာ မိသားနှစ်ယောက်ထိုင်နေတုန်း လာစင်တာ။ နှစ်ဦးစလုံးခြေမှာ ထိသွားတယ်။ အခုဆရာမဆီမှာ သွားချုပ်နေတယ်” ဟု ဒေသခံအမျိုးသားက ပြောသည်။

ဒဏ်ရာက အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ဒေသခံတို့က ပြောဆိုသည်။

လက်နက်ကြီးကျည် ကျရောက်ခဲ့သည့် မင်းထိန်ရွာသည် အာဏာသိမ်းကာလ တစ်လျှောက်လုံး တိုက်ပွဲဖြစ်ပွားဖူးခြင်း မရှိသလို ယနေ့တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်ခံရခြင်းခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ဘာတိုက်ပွဲလည်း မရှိဘဲနဲ့ လက်နက်ကြီးလာကျတယ်။ အရင်ကလည်း မကျဖူးဘူးဆိုတော့ ရွာသားတွေက လန့်နေတာပေါ့။ ဘာရည်ရွယ်ချက်နဲ့ ပစ်တယ်ဆိုတာကို” ဟု မင်းထိန်ရွာဒေသခံတစ်ဦးက ပြောဆိုသည်။

နံနက် ၁၀ နာရီခွဲဝန်းကျင်ကလည်း မင်းထိန်ရွာအနီး သင်္ကန်းတောရွာသို့
ပုလောစစ်ကောင်စီတပ်က လက်နက်ကြီး သုံးလုံးပစ်ခဲ့သေးပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း သင်္ကန်းတောရွာ ဒေသခံတစ်ဦးက ပြောဆိုသည်။

“လယ်ကွင်းထဲနဲ့ တောင်ကုန်းပေါ်ကျတယ်။ လူတော့မထိဘူးလို့ သိရတယ်” ဟု ၎င်းက ပြောသည်။

မင်းထိန်ရွာအနီးရှိ သင်္ကန်းတော၊ ကဒဲ၊ ပဝတ်ဖျား၊ ပဝတ်ကုန်း စသည့်ကျေးရွာများတွင် တိုက်ပွဲကြောင့် လူမနေထိုင်ကြသည်မှာကြာပြီဖြစ်ပြီး တိုက်ပွဲမဖြစ်ဖူးသေးသည့် မင်းထိန်ရွာတွင်မူ ပုံမှန်နေထိုင်နေကြသေးသည်ဟု ဒေသခံများကပြောသည်။