တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
2634

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

မတ်လ ၁၉ ရက်နေ့ မှ မတ်လ ၂၅ ရက်နေ့အထိ

နှစ်ပတ်အတွင်း စစ်ဘေးရှောင်ဒုက္ခသည် တစ်သိန်းကျော်တိုးလာ

စစ်ရေးပိုမိုပြင်းထန်လာတဲ့ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၂၈ ရက်ကနေ မတ်လ ၁၃ ရက်အထိ နှစ်ပတ်တာအတွင်း စစ်ဘေးရှောင်ဒုက္ခသည်တစ်သိန်းကျော် ထပ်တိုးလာပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၃ရက်နေ့အထိ စစ်ဘေးရှောင်ဒုက္ခသည် ၁ ဒသမ ၇ သန်းကျော် ရှိနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က မတ်လ ၂၁ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဖေဖော်ဝါရီလ ၂၇ရက်နေ့အထိ စစ်ဘေးရှောင်ဒုက္ခသည်အရေအတွက်ဟာ ၁ ဒသမ ၆ သန်းကျော်ပဲ ရှိခဲ့တဲ့အတွက် နှစ်ပတ်တာအတွင်း စစ်ဘေးရှောင်ဒုက္ခသည် တစ်သိန်းကျော် တိုးလာတာပါ။

ဒီအရေအတွက်အထဲမှာ စစ်ဘေးရှောင် သုံးသိန်းကျော်ဟာ အာဏာမသိမ်းခင်ကတည်းက ရှိနေတာဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးကြရတဲ့ စစ်ဘေးရှောင်အရေအတွက်ဟာဆိုရင် ၁ ဒသမ ၄သန်းကျော်အထိ ရှိလာတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေလည်း မြင့်တက်နေတယ်လို့ UNOCHA က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာတော့ ကချင်၊ ကယား၊ ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်းအရှေ့ပိုင်း မြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုအပါအဝင် တိုက်ပွဲပြင်းထန်နေပါတယ်။

ဒါကြောင့် အရပ်သား ထိခိုက်သေဆုံးတာ၊ အိုးအိမ်စွန့်ခွာထွက်ပြေးရတာ၊ ပိုင်ဆိုင်မှုတွေဆုံးရှုံးတာတွေ ဆက်ရှိနေတယ်လို့လည်း ဆိုပါတယ်။

……………………………………

မီးရှို့ခဲ့ရတဲ့ နေအိမ်ပေါင်း ခြောက်သောင်းကျော်သွားပါပြီ

ပုံစာ – ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နမ်းနိန်းရွာမှာ မတ်လ ၁၁ရက်က မီးလောင်မှုမြင်ကွင်း။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မီးရှို့ခံရမှုကြောင့် အရပ်သားပြည်သူတွေရဲ့နေအိမ် ခြောက်သောင်းကျော် ပျက်စီးဆုံးရှုံးသွားပြီလို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။

အာဏာသိမ်းပြီး နောက်ပိုင်းကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ စစ်ကောင်စီနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေက မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

စစ်ရေးပြင်းထန်နေတဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှာ မီးရှို့ဖျက်ဆီးခံရတာ အများဆုံးဖြစ်နေပါတယ်။

စစ်ကိုင်းတိုင်းမှာ နေအိမ်အဆောက်အအုံ လေးသောင်းခုနစ်ထောင်ကျော်နဲ့ မကွေးတိုင်းမှာတော့ ကိုးထောင်ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။

တတိယအများဆုံး ချင်းပြည်နယ်မှာတော့ နေအိမ် ၁၅၀၀ လောက် မီးရှို့ခံထားရပါတယ်။ ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာတော့ ၂၂၀၀ ကျော် မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တစ်လထဲမှာကိုပဲ တိုင်းနဲ့ ပြည်နယ်ကိုးခုမှာ နေအိမ်ပေါင်း ငါးထောင်ကျော် မီးရှို့ခံခဲ့ရတယ်လို့လည်း Data for Myanmar က ထုတ်ပြန်ထားပါတယ်။

……………………………………

ရုရှားက မြန်မာကို စစ်လက်နက်ထောက်ပံ့မှုအပေါ် စိုးရိမ်တယ်လို့ အမေရိကန်သံတမန်ပြော

ရုရှားက မြန်မာကို စစ်လက်နက် ထောက်ပံ့နေမှုအပေါ် စိုးရိမ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ခ် ရှိုးလက် (Derek Chollet) က အရှေ့တောင်အာရှခရီးစဉ်မှာ ပြောလိုက်ပါတယ်။

ရှရုားနဲ့ မြန်မာစစ်ကောင်စီတို့ စစ်ဖက်ဆက်ဆံရေးဟာ ပိုမိုကြီးထွားလာနေတယ်လို့လည်း ဆိုပါတယ်။

မြန်မာစစ်တပ်ကို လက်နက်ထောက်ပံ့ပေးနေတာနဲ့ မြန်မာစစ်အာဏာရှင်တွေအတွက် ကျောထောက်နောက်ခံပြုနေတဲ့ ရုရှားရဲ့ လုပ်ရပ်ကို လုံးဝလက်ခံနိုင်စရာမရှိဘူးလို့ ရှိုးလက်က ပြောပါတယ်။

စစ်လက်နက်တွေ ထောက်ပံ့ပေးနေတာက ပဋိပက္ခကို ပိုမိုကြီးထွားလာစေပြီး မြန်မာနိုင်ငံရေးမတည်ငြိမ်အောင် လုပ်နေတာလို့လည်းဆိုပါတယ်။

ဒါက မြန်မာနိုင်ငံတစ်ခုတည်းရဲ့ ပြဿနာမဟုတ်တော့ဘဲ အရှေ့တောင်အာရှ ဒေသတွင်းအတွက်ပါ ပြဿနာလို့လည်း ထောက်ပြပါတယ်။

ဒါ့အပြင် နောက်ပိုင်းမှာ ရုရှားက မြန်မာနိုင်ငံမှာ စစ်အခြေစိုက်စခန်းဆောက်လာမယ့် အရိပ်အယောင်ရှိနေတဲ့ အမေရိကန်အစိုးရက စိုးရိမ်ကြောင်းလည်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

……………………………………

ထိုင်းစွမ်းအင်ကုမ္ပဏီ PTTEP ကို NUG က ဖြေရှင်းချက်တောင်း၊ တရားစွဲမယ်

ရတနာစီမံကိန်းနဲ့ပတ်သက်လို့ ထိုင်းစွမ်းအင်ကုမ္ပဏီ PTTEP ကို အမျိုးသား ညီညွတ်ရေးအစိုးရ NUG က ဖြေရှင်းချက် တောင်းထားပြီး ဖြေရှင်းချက်မပေးရင် တရားစွဲမယ်လို့ ဆိုပါတယ်။

မြန်မာစစ်ကောင်စီကို အကျိုးအမြတ်ခွဲဝေပေးတာတွေ ဆက်မလုပ်ဖို့ PTTET ကို အမျိုးသား ညီညွတ်ရေးအစိုးရက မတ်လ ၂၀ ရက်မှာ တရားဝင် တောင်းဆိုစာပေးပို့ပြီး တောင်းဆိုလိုက်ပါတယ်။

စာချုပ်ပါ အချက်အလက်တွေကို မမှန်မကန်လိုက်နာပြီး စစ်ကောင်စီထံ ပေးပို့ထားတဲ့ အကောက်အခွန်တွေ၊ လစဉ် အစီရင်ခံစာတွေ၊ စစ်အာဏာသိမ်းပြီးနောက် ဆက်လက်လုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းများအတွက် ဖြေရှင်းချက် တောင်းခံတာလို့ ဆိုပါတယ်။

စစ်ကောင်စီက ၂၀၂၂ ခုနှစ် ဒုတိယလေးလပတ်အတွင်းမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကနေ အမေရိကန် ဒေါ်လာ သန်းရှစ်ရာကျော် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီငွေတွေဟာ ပြည်သူတွေကို အကြမ်းဖက်ရာမှာ အထောက်အပံ့ဖြစ်နေတယ်လို့ NUG က ဆိုသည်။

ဒါကြောင့် ရတနာစီမံကိန်းကနေရတဲ့ အကျိုးအမြတ်တွေကို စစ်ကောင်စီကို ခွဲမပေးဖို့၊ စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်မှုများအတွက် ဖြေရှင်းချက်ကို NUG က တောင်းဆိုလိုက်တာပါ။

နောင်မှာလည်း ငွေကြေးပေးဆောင်မှုကို NUG အစိုးရ သဘောတူလက်ခံသည့် အခြားငွေစာရင်းတစ်ခုသို့ လွှဲပေးရမည်ဟုလည်း တောင်းဆိုထားသည်။

PTTEP ဘက်က ရက် ၃၀ အတွင်း အကြောင်းပြန်ရမှာဖြစ်ပြီး အကြောင်းမပြန်ရင် စင်ကာပူနိုင်ငံမှာရှိတဲ့ အနုညာတ တရားရုံးမှာ တရားစွဲဆိုသွားမယ်လို့ NUG ဆိုပါတယ်။

ဒီတောင်းဆိုမှုဟာ PTTEP ကို နစ်နာလိုသောကြောင့်မဟုတ်ဘဲ မြန်မာပြည်သူများအတွက် လုပ်ဆောင်ရတာဖြစ်တယ်လို့လည်း ပြောပါတယ်။

ရတနာစီမံကိန်းကနေ ပြည်သစ်ကုမ္ပဏီ Total နဲ့ အမေရိကန်ကုမ္ပဏီ Chevron တို့ ထွက်သွားပြီးနောက်ပိုင်းမှာ PTTEP နဲ့ စစ်ကောင်စီလက်အောက်ခံ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE တို့ပဲ ဆက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

……………………………………

မှတ်ပုံပြန်မတင်လို့ နှစ်ကြိမ်မြောက်အဖျက်ခံရတော့မယ့် SNLD ပါတီ

အင်အားကြီးတိုင်းရင်းသားပါတီတစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီက နိုင်ငံရေးပါတီမှတ်ပုံ ပြန်မတင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

မတ်လ ၁၆ ရက်နဲ့ ၁၇ ရက်က ပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှာ အခုလို ဆုံးဖြတ်လိုက်တာပါ။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို အတိအကျ မထုတ်ပြန်တာ၊ မှတ်ပုံတင်ရေးနဲ့ ပတ်သက်လို့ ပါတီဝင်တွေရဲ့သဘောထားကို သွားရောက်တွေ့ဆုံ မေးမြန်းရယူဖို့ အချိန် မလုံလောက်တာကြောင့်လို့ ဆိုပါတယ်။

စစ်ရေးပြင်းထန်နေပြီး ပြည်သူတွေ အခက်အခဲအကျပ်အတည်းများစွာ ကြုံနေရချိန် စစ်ကောင်စီကို တရားဝင် အသိအမှတ် မပြုလိုတဲ့အတွက် မှတ်ပုံမတင်တာလို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

SNLD ဟာ စစ်အစိုးရလက်ထက် ၂၀၁၀ မှာလည်း ပါတီ မှတ်ပုံမတင်တဲ့အတွက် ပါတီဖျက်သိမ်းခံရဖူးပါတယ်။ အခုလည်း စစ်ကောင်စီလက်ထက်မှာ မှတ်ပုံပြန်မတင်လို့ ပါတီအလိုအလျောက် ဖျက်ခံရတော့မယ့် အခြေအနေဖြစ်လာပါတယ်။

……………………………………

ပါတီ ၅၀ကျော် မှတ်ပုံတင်၊ ANP နဲ့ ဦးကိုကိုကြီးပါတီလည်းပါဝင်လာ

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ဆီမှာ မှတ်ပုံတင်တဲ့ နိုင်ငံရေးပါတီ ၅၂ ပါတီရှိ လာပါတယ်။ ဒီအထဲမှာ ရခိုင်ပြည်နယ်က အင်အားကြီးပါတီဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP) နဲ့ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီလည်း ပါဝင်လာပါတယ်။

မတ်လ ၂၈ရက်ကို နိုင်ငံရေးပါတီမှတ်ပုံတင်ရမယ့် နောက်ဆုံးရက်အဖြစ် စစ်ကောင်စီက သတ်မှတ်ထားပါတယ်။

နောက်ဆုံးရက်နား ကပ်လာချိန်မှာ လက်ရှိတဲဆည်ပါတီ ၉၀ ကျော်ကနေ ထက်ဝက်နီးပါး ဖြစ်တဲ့ ၄၄ ခု ပါတီမှတ်ပုံ ပြန်တင်ထားကြပါတယ်။ နောက်ထပ် ရှစ်ပါတီကတော့ ပါတီသစ်တွေဖြစ်ပါတယ်။

ပြည်ထောင်စုတစ်ဝန်းလုံးမှာ စည်းရုံးမယ့်ပါတီ ၁၂ ခုရှိပြီး တိုင်းနှင့် ပြည်နယ်တစ်ခုခုမှာပဲ စည်းရုံးမည့်ပါတီ ၄၀ မှတ်ပုံတင်ထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မတ်လ ၂၅ ရက်မှာ ထုတ်ပြန်ထားသည်။

ပြည်သူ့ပါတီကတော့ ပြည်ထောင်စုတစ်ဝန်းလုံးမှာ စည်းရုံးမယ့် ပါတီအဖြစ် မှတ်ပုံတင်ထားပြီး ANP ပါတီကတော့ ရခိုင်ပြည်နယ်မှာပဲ စည်းရုံးမယ့်ပါတီအဖြစ် ပြောင်းလဲမှတ်ပုံတင်ထားပါတယ်။

အမျိုးသားရေး လိုအပ်ချက်အရ ANP က ပါတီမှတ်ပုံတင်ထားပေမယ့် ရွေးကောက်ပွဲ ဝင်မဝင် မသေချာသေးဘူးလို့ ပြောဆိုထားပါတယ်။

……………………………………

စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဆွေးနွေး

ပုံစာ – ပြီးခဲ့သည့်နှစ် စက်တင်ဘာလက UWSP NDAA SSPP တို့ စစ်ကောင်စီဥက္ကဋ္ဌနဲ့ တွေ့ဆုံမှု။

‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့သုံးခုက ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ကို သွားရောက်ပြီး စစ်ကောင်စီ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဝ အဖွဲ့ UWSP၊ မိုင်းလားအဖွဲ့ NDAA ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့က ကိုယ်စားလှယ်အဖွဲ့ သွားရောက်ခဲ့ ကြတာပါ။ မတ်လ ၂၂ ရက်ကနေ ၂၃ ရက်အထိ နှစ်ရက်ကြာဆွေးနွေးခဲ့ကြပြီး သဘောတူ လက်မှတ်တွေ ရေးထိုးနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရေး၊ ရွေးကောက်ပွဲကျင်းပနိုင်ရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အခြေခံကျတဲ့ ပုဒ်မတွေကို ပြင်ဆင်နိုင်ရေး စတာတွေကို ဆွေးနွေးခဲ့ကြတာလို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

အဲဒီအဖွဲ့ သုံးဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်ကလည်း စစ်ကောင်စီဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။

အဲဒီတုန်းကတော့ ဝ အဖွဲ့က ပြည်နယ်တောင်းထားပြီးတော့ မိုင်းလားအဖွဲ့ကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုထားပါတယ်။ အဲဒီတောင်းဆိုချက်တွေကို စစ်ကောင်စီဘက်က မူအားဖြင့် သဘောတူထားပါတယ်။

အခု မတ်လထဲမှာ မြောက်ပိုင်းမဟာမိတ်ခုနစ်ဖွဲ့ ပေါင်းထားတဲ့ FPNCC လို့ ခေါ်တဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုကော်မတီ အစည်းအဝေးကို ဝ အဖွဲ့ ဌာနချုပ် ပန်ဆန်းမှာ ကျင်းပခဲ့ပါသေးတယ်။

အဲဒီနောက်မှာ တရုတ်အစိုးရရဲ့ အထူးကိုယ်စားလှယ် တိန့်ရှီကျန်နဲ့ မြောက်ပိုင်းအဖွဲ့ ခေါင်းဆောင်အချို့ တရုတ်မှာ တွေ့ဆုံခဲ့ပါတယ်။

အဲဒီလို တွေ့ဆုံမှုတွေအပြီးမှာ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးတာလည်း ဖြစ်ပါတယ်။

……………………………………

စစ်ကောင်စီရဲ့ လေယာဉ်ဆီအဝယ်တော်တွေကို အမေရိကန်အရေးယူ

မြန်မာစစ်ကောင်စီတပ်အတွက် လေယာဉ်ဆီဝယ်ပေးနေတဲ့ အဝယ်တော်တွေနဲ့ စစ်တပ်ခရိုနီတွေကို အမေရိကန် ပြည်ထောင်စုက ထပ်တိုးဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ မူးယစ်ဆေးကုန်သွယ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာစစ်ကောင်စီတပ်အတွက် လက်နက်ပွဲစား အဖြစ် လုပ်ဆောင်ခဲ့တဲ့ ဦးထွန်းမင်းလတ်နဲ့ ဇနီးဖြစ်သူ ဒေါ်ဝင်းမင်းစိုးတို့ကို အရေးယူလိုက်ပါတယ်။

သူတို့နှစ်ဦးရဲ့ ထိန်းချုပ်မှာအောက်မှာရှိတဲ့ နေပြည်တော်နဲ့ စင်ကာပူက Star Sapphire လုပ်ငန်းစုသုံးခုကိုလည်း ဒဏ်ခတ်ပိတ်ဆို့ အရေးယူခံလိုက်ရပါတယ်။

လေယာဉ်ဆီနှင့် စစ်လက်များ ထောက်ပံ့နေတဲ့ နောက်ထပ် လုပ်ငန်းသုံးခုဖြစ်တဲ့ ASIA SUN GROUP၊ ASIA SUN TRADING CO. LTDနှင့် CARGO LINK PETROLEUM LOGISITICS CO. LTD တို့ကိုလည်း အရေးယူလိုက်ပါတယ်။

ဒီမိုကရေစီလိုလားတောင့်တနေတဲ့ မြန်မာပြည်သူတွေကို အပြင်းအထန်ထိုးနှက်တိုက်ခိုက်နေသည့် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းကို တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့အတွက် ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

……………………………………

စစ်ဘေးရှောင်တွေ မီးဘေးထပ်ကြုံရ

ကချင်ပြည်နယ်က စစ်ဘေးရှောင်တွေ မီးဘေးနဲ့ထပ်မံကြုံတွေ့နေရပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့အနီးက ဂျေယန်စစ်ဘေးရှောင်စခန်းမှာ လျှပ်စစ်ဝါယာရှော့ကြောင့် မီးလောင်လို့ နေအိမ် ၃၅လုံး ပျက်စီးဆုံးရှုံးသွားပါတယ်။

ဂျေယန်စစ်ဘေးရှောင်စခန်း ရပ်ကွက် ၆ မှာ မတ်လ ၁၉ ရက် ညနေပိုင်းက မီးလောင်ကျွမ်းခဲ့တာပါ။ မီးဘေးသင့်တဲ့ စစ်ဘေးရှောင်ပြည်သူ ၁၇၇ ဦးကို စစ်ဘေးရှောင်စခန်းမှာရှိတဲ့ စာသင်ကျောင်းမှာ ယာယီနေရာချထားတယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့် စစ်ဘေးရှောင်တွေရဲ့ စားနပ်ရိက္ခာတွေနဲ့ မှတ်ပုံတင်အပါအဝင် အထောက်အထားတွေပါ မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

တရုတ်နယ်စပ်အနီးအနီးမှာရှိတဲ့ ဂျေယန်စစ်ဘေးရှောင်စခန်းမှာ စစ်ဘေးရှောင်ဒုက္ခသည် ရှစ်ထောင်ကျော် ရှိနေပါတယ်။

……………………………………