မျောက်ကျောက်ရောဂါ ကူးစက်လူနာ ၃ ဦး ထိုင်းမှာ ထပ်တွေ့

0
2154
ဓာတ်ပုံ - NETEC

ထိုင်းနိုင်ငံတွင်း၌ မျောက်ကျောက်ရောဂါဟုလည်း လူသိများသည့် အမ်ကျောက် (mpox) ကူးစက်လူနာ သုံးဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကူးစက်ရောဂါ ထိန်းချုပ်ရေးဦးစီးဌာန (DDC) မှ မတ်လ ၂၄ရက်နေ့တွင် ကြေညာခဲ့သည်။

ယင်းလူနာများကို ကူးစက်ရောဂါများ ကုသရေးဆိုင်ရာ အထူးပြု ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတစ်ခု ဖြစ်သည့် ဘမ်ရပ်စ်နာရာဒူရာ (Bamrasnaradura) ကုသရေးအဖွဲ့က လတ်တလော ကုသပေးလျက် ရှိကြောင်း သိရသည်။

၂၀၂၂ခုနှစ် ၊ မေလ ၂၅ ရက်နေ့တွင် အထူးကြပ်မတ်စောင့်ကြည့်ရန် လိုအပ်သော ကူးစက်ရောဂါဟု ကြေညာထားသော အမ်ကျောက် (mpox)ရောဂါသည် ယခုချိန်အထိ ကူးစက်လူနာ စုစုပေါင်း ၁၈ ဦးအထိ ရှိပြီဖြစ်သည်။

ထိုင်းနိုင်ငံတွင်း မျောက်ကျောက်ရောဂါ၏ ပထမဆုံး ကူးစက်မှုကို အဆိုပါနှစ် ၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် တွေ့ရှိခဲ့ကြောင်း ကူးစက်ရောဂါ ထိန်းချုပ်ရေးဦးစီးဌာန (DDC) ၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တာရက်စ် ကရက်ဆာနိုင်ရာဝီဝုန် (Tares Krassanairawiwong) က ပြောကြားခဲ့သည်။

လူနာသစ် ၃ ဦးသည် အသက် ၂၁ နှစ်မှ ၄၀ နှစ်ကြား အမျိုးသားများ ဖြစ်ပြီး နှစ်ဦးမှာ ရောဂါကူးစက်ခံရခြင်းကို မသိသေးခင် အခြားသူများနှင့် အနီးကပ် ထိတွေ့မှုရှိခဲ့ကြောင်း တွေ့ရှိရသည်။

“ကူးစက်ရောဂါဆိုင်ရာ စုံစမ်းစစ်ဆေးမှုအရ ဒီလူနာသုံးဦးဟာ တခြားဘယ်သူ့ကိုမှ ရောဂါကူးစက်နိုင်ခြေမရှိဘူးလို့ တွေ့ရှိထားပါတယ်” ဟု ၎င်းက ပြောသည်။

“ဒီ (အမ်ကျောက်) ရောဂါက တစ်ပါးသူနဲ့ လိင်ဆက်ဆံတာ အပါအဝင် အနီးကပ် ကိုယ်ထိလက်ရောက် ထိတွေ့မှုတွေကနေ ကူးစက်နိုင်တယ်ဆိုတာ သတိထားဖို့က အရေးကြီးပါတယ်”

ပျမ်းမျှအားဖြင့် ထိုင်းနိုင်ငံတွင်း တစ်လလျှင် အမ်ကျောက် (mpox)ရောဂါ ပိုးကူးစက်မှုအသစ် ၁ ခုမှ ၃ ခုအထိ တွေ့ရှိပြီး အချို့လများတွင်မူ ကူးစက်မှုအသစ် တွေ့ရှိရခြင်း မရှိကြောင်း ကူးစက်ရောဂါ ထိန်းချုပ်ရေးဦးစီးဌာန (DDC) မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဆိုပွန် အီယမ်စီရီသဝန် (Sopon Iamsirithaworn) က ပြောသည်။

ကူးစက်ရောဂါ ထိန်းချုပ်ရေးဦးစီးဌာန (DDC) အနေနှင့် ပြည်သူများကို မျောက်ကျောက်ရောဂါ (mpox) နှင့် လက္ခဏာ ဆင်တူသော ခန္ဓာကိုယ်တွင် အရည်ကြည်ဖုများ သို့မဟုတ် အစက်အပြောက်များ တွေ့ရှိပါက လူအများနှင့် အနီးကပ် ထိတွေ့နိုင်သည့် ပတ်ဝန်းကျင်တစ်ခုခုသို့ သွားရောက်ခြင်းမပြုရန် အကြံပြုထားသည်။

Reference ● Bangkok Post