စစ်ဆေးရေးဂိတ်ကပစ်ခတ်သောကြောင့် ကျွန်းစု PDF ရဲဘော်ဟောင်းနှင့် ညီဖြစ်သူသေဆုံး

0
2451

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းကျေးရွာ စစ်ကောင်စီဂိတ်က ပစ်ခတ်မှုကြောင့် ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်ဟောင်း လူငယ်တစ်ဦးနှင့် ညီဖြစ်သူတို့ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ညီအစ်ကိုနှစ်ဦး ဆိုင်ကယ်တစ်စီးတည်း အတူစီးလာစဉ် ယနေ့ မတ်လ ၂၅ ရက် နံနက်က ကမ္မလိုင်းရွာ စစ်ကောင်စီဂိတ်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

စစ်ဆေးနေစဉ် ဆိုင်ကယ်မောင်းပြေးသည်ဟုဆိုကာ ပစ်ခတ်ခြင်းဖြစ်ပြီး နောက်က လိုက်ပါစီးနင်းသည့် အစ်ကိုဖြစ်သူ အသက် ၁၈နှစ်အရွယ် ကိုအလင်းရောင်ဆိုသူမှာ ယင်းနေရာတွင် သေဆုံးသွားကြောင်း ၎င်းတို့က ဆိုသည်။

ဆိုင်ကယ်မောင်းသည့် ညီဖြစ်သူမှာ သေနတ်ဒဏ်ရာဖြင့် ဆက်လက်မောင်းပြေးသွားပြီး ပဝကျေးရွာဆေးခန်းသို့ ရောက်ရှိလာကာ ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားကြောင်း ဒေသခံများက ပြောဆိုသည်။

“သူတို့ညီအစ်ကိုက ကျွန်းစုဖက်ကပါ။ ဒီဖက်မှာ ခြံစိုက်နေကြတယ်လို့ကြားတယ်။ ကြောက်ကြောက်လန့်လန့်နဲ့ မောင်းပြေးတော့ ဟိုကပစ်လိုက်တာလို့သိရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အခင်းဖြစ်ရာတွင် သေဆုံးသည့် ကိုအလင်းရောင်သည် ယခင်ကကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးကာ လက်ရှိ တရားဝင်ထွက်ခွာသွားသည်မှာ ၂ လနီးပါးရှိနေပြီဖြစ်ကြောင်း
ကျွန်းစုပကဖနှင့်နီးစပ်သူတစ်ဦးက ပြောဆိုသည်။

“သူက တကူရွာမှာလာနေလိုက် ပြန်သွားလိုက်လုပ်နေပြီး တခြားရွာမှာ သူငယ်ချင်းတွေနဲ့ ခြံစိုက်နေတယ်။ အခုဒီကနေ့ သူ့သတင်းကို ကြားရတယ်” ဟု တကူကျေးရွာသားတစ်ဦးက ပြောသည်။

ညီဖြစ်သူ၏ ရုပ်အလောင်းမှာ ပဝရွာတွင် ရှိနေပြီး အစ်ကိုဖြစ်သူမှာမူ အလောင်းပြန်မရသေးကြောင်း ဒေသခံတို့က ဆိုသည်။  

၎င်းတို့နှင့်အတူ နောက်ထပ်အရပ်သား အမျိုးသား နှစ်ဦးလည်း ဖမ်းဆီးခံရသည်ဟု သတင်းထွက်နေသည်။ သို့သော်
သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

တနင်္သာရီနှင့် ပုလောမြို့နယ်တို့အား ဖေဖော်ဝါရီလ ၂ ရက်တွင် စစ်အုပ်ချုပ်ရေးကြေညာထားပြီး
အမျိုးသားနှစ်ဦးအတူ ဆိုင်ကယ် တစ်စီးတည်း စီးနင်းခြင်းကိုလည်း တားမြစ်ထားသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က တနင်္သာရီမြို့နယ်ရှိ ဘန်လောကျေးရွာအုပ်စုအား လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်မှာ ၃ ရက်ရိနေပြီဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

ဘန်လော၊ ခြောက်မိုင်၊ ဆင်ခေါင်း၊ တကျက်၊ ကွင်းသစ်စသည့် ရွာများအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်နေပြီး ရွာသားအများစုမှာ ထွက်ပြေးနေကြရကြောင်း ၎င်းတို့ထံမှ သိရသည်။