လွတ်ရက်စေ့ မြန်မာလုပ်သား ၁၃၀ ကျော် ကော့သောင်းဘက်ပြန်ပို့

0
2257

ထိုင်းနိုင်ငံ၊ ရနောင်းမြို့ရှိ လူဝင်မူကြီးကြပ်ရေးစခန်းတွင် ထိန်းသိမ်းခံထားရသည့် လွတ်ရက်စေ့ပြီးဖြစ်သည့် မြန်မာအလုပ်သမား တစ်ရာသုံးဆယ်ကျော်ကို မတ်လ ၁၇ ရက်နေ့က ကော့သောင်းဘက်သို့ ပြန်ပို့ပေးခဲ့ကြောင်း ၎င်းတို့အား ကူညီပေးနေသည့် ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ထံမှသိရသည်။

ကော့သောင်းဘက်သို့ ပြန်ပို့သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတို့တွင် အမျိုးသား ၉၉ ဦး၊ အမျိုးသမီး ၃၂ ဦး စုစုပေါင်း ၁၃၁ ဦးပါဝင်ကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့မှ သိရသည်။

‌”ဒေသခံအချို့လည်းပါတယ်။ နှစ်ဆယ်ရှစ်ဦးရှိတယ်”ဟု ရွှေအဏ္ဏဝါပရဟိတ လူငယ်အဖွဲ့ဝင်တစ်ဦးက ပြောသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများအနက် ကော့သောင်းနေ အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၂၈ ဦးပါဝင်ပြီး၊ ကျန် ၁၀၃ ဦးမှာ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှဖြစ်သည်။

အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမားတို့သည် ထိုင်းတောင်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးပြစ်ဒဏ်ချခံရပြီးနောက် ပြစ်ဒဏ်စေ့ချိန်တွင် မြန်မာနိုင်ငံသို့ပြန်လည်လွှဲပြောင်းရန် လူဝင်မှုကြီးကြပ်ရေး စခန်းသို့ပို့ဆောင်ခံရခြင်းဖြစ်သည်။

ယင်းသို့ပို့ဆောင်ခံရသော ပြစ်ဒဏ်ခံယူပြီးသား မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ မြန်မာနိုင်ငံဘက်က ပြန်လည်ခေါ်ယူချိန်အထိ ထိန်းသိမ်းရေးစခန်းတွင် ဆက်လက်ထိန်းသိမ်းခံထားရသည်။

မြန်မာဘက်မှ ပြန်လည်ခေါ်ယူချိန်ရောက်မှသာ ထိန်းသိမ်းရေးစခန်း မှတစ်ဆင့် ပြန်လည်လွှဲပေးခြင်းဖြစ်ရာ အချို့မှာ ၇ လ ၈ လကြာသည်အထိ ထိန်းသိမ်းရေးစခန်းတွင် ဆက်လက်နေထိုင်နေကြရသည်။

ထို့ပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့က မြန်မာအလုပ်သမား အမျိုးသား ၅၄၀ ဦးနှင့် အမျိုးသမီး ၁၃၈ ဦး စုစုပေါင်း ၆၇၈ ဦးအား ကော့သောင်းဘက်သို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်။

အလားတူ ပြီးခဲ့သည့်နှစ် မတ်လမှ ဒီဇင်ဘာလအထိ မြန်မာအလုပ်သမား စုစုပေါင်း ၂၀၃၀ ဦးကိုလည်း လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်။

အဆိုပါ ၂၀၃၀ ဦးစာရင်းသည် ဘန်‌ကောက်အခြေစိုက် အလုပ်သမားသံအရာရှိရုံး၏ ထုတ်ပြန်ချက်စာရင်းနဲ့ ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့မှ ရရှိထားသည့် စာရင်းတို့အရ သိရခြင်းဖြစ်သည်။