သရက်ချောင်းမြို့နယ် ရငဲကျေးရွာမှ အမျိုးသားတစ်ဦး ပဲဒက်ရွာအနီး အသတ်ခံရ

0
2682

သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာမှ အမျိုးသားတစ်ဦး မတ်လ ၁၇ ရက်က ပဲဒက်ရွာအနီးတွင် ဖမ်းဆီးခံရပြီး အသတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။

အသက် ၄၆ နှစ်ခန့်ရှိ ကိုဝင်းထိုက်ဆိုသည့် အမျိုးသားမှာ သရက်ချောင်းမြို့နယ် အောက်ဘက်ရှိရွာများကို ဆိုင်ကယ်ဖြင့် ပန်းရောင်းသွားစဉ် အသတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။

ကိုဝင်းထိုက်မှာ ယခင်က ရငဲကျေးရွာရှိ ကွေ့တီယိုဆိုင်ဖွင့် ရောင်းနေသူဖြစ်ပြီး ပန်းရောင်းသည့်အလုပ်ကို ပြောင်းလဲ လုပ်ကိုင်နေသည်မှာ တစ်လခန့်သာရှိသေးသည်ဟု ရငဲကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“သူများတွေပြောတာတော့ ကျောက်ဆည်ဘက်မှာ ဖမ်းမိတယ်ဆိုကြားတယ်။ ပဲဒက်ကို ပြန်ခေါ်လာတဲ့ပုံမျိုးပေါ့နော်။ ပဲဝမှာသေနေတယ်” ဟု အထက်ပါအမျိုးသမီးက ဆိုသည်။

ကိုဝင်းထိုက် သေဆုံးနေသည်ဆိုသည့် သတင်းကို နေ့လယ် ၁၀ နာရီခွဲလောက်ကတည်းက ကြားနေရပြီး အလောင်းကိုမူ သွားမယူရဲသဖြင့် ယင်းအတိုင်းထားထားဆဲဖြစ်ကြောင်း အထက်ပါ အမျိုးသမီးက ပြောသည်။

ကိုဝင်းထိုက်၏ ရုပ်အလောင်းတွင် ဖမ်းဆီးခံရပြီးနောက် ညှင်းပန်းနှိပ်စက်ခံထားရသဖြင့် ခန္ဓာကိုယ်အနှံ့ ညိုမည်းစွဲနေသည့် ဒဏ်ရာများ၊ ညာဘက်မျက်လုံးတစ်လုံး ထိခိုက်ထားသည့် အခြေအနေနှင့် လည်ပင်းပြတ်ရှ ဒဏ်ရာများကို တွေ့ရှိရသည်။

ပဲဒက်ရွာမှာ ပြည်သူ့စစ်အားကောင်းသည့် ရွာတစ်ရွာဖြစ်ပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့ စခန်းချထားသည့် ရွာလည်းဖြစ်သည်။

ယင်းကြောင့်ကိုဝင်းထိုက်ကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးပြီးသတ်ဖြတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့က သုံးသပ်ပြောဆိုကြသော်လည်း အတည်ပြုရန် ခက်ခဲနေသည်။

ပြီးခဲ့သည့် ဖေဖော်ရီလ ၇ ရက်နေ့က ရငဲကျေးရွာမှ အသက် ၂၀ ကျော်အရွယ် ကိုဖြိုးငယ်ဇော်နှင့် ကိုပိုင်စိုးဆိုသည့် လူငယ်နှစ်ဦးကို အင်အား ၂၀ ခန့်သာရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားပြီး ရွာအနီးတွင် သတ်ဖြတ်ခဲ့သေးသည်။

သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ မကြာခဏ ပစ်ခတ်တိုက်ခိုက်မှု၊ စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်မှုများရှိသည်။

စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်မှုကိုကြောက်သည့် ရငဲကျေးရွာနှင့် သိမ်ကုန်းကျေးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်မှုပိုများလာကြောင်း ဒေသခံအချို့က ပြောသည်။

သရက်ချောင်းမြို့မှ အောက်ဘက်ရှိရွာများကိုသွားသည့် လမ်းပိုင်းအချို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စစ်ဆေးရေးဂိတ်များရှိသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း လမ်းပိုင်းတွင် စစ်ဆေးမှုများရှိသည်။