ထိုင်းသို့ အလည်ဗီဇာဖြင့် လာသူများကို ဘဏ်စာရင်းဖွင့်ခွင့် ဘန်ကောက်ဘဏ် ယာယီရပ်ဆိုင်း

0
2599

ထိုင်းနိုင်ငံအတွင်းသို့ အလည်အပတ်ဗီဇာဖြင့် ဝင်ရောက်လာသော နိုင်ငံခြားသားများကို ဘန်ကောက်ဘဏ်တွင် ဘဏ်ငွေစာရင်းဖွင့်ခွင့် ယာယီရပ်ဆိုင်းလိုက်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက မတ်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Bangkok Bank အနေဖြင့် Tourist Visa ဖြင့်ဝင်ရောက်လာသူများအား ဘဏ်ငွေစာရင်းဖွင့်ခွင့်ကို ယာယီရပ်ဆိုင်းလိုက်သည်ဟု မတ်လ ၈ ရက်နေ့တွင် မြန်မာသံရုံးသို့ အကြောင်းကြားခဲ့ကြောင်း‌ ဖော်ပြထားသည်။

“လောလောဆယ်တော့ TR Visa က လုံးဝမရသေးဘူးပေါ့နော်။ ဘဏ်အကောင့်ဖွင့်ဖို့ အရေးကြီးတယ်ဆိုရင်တော့ ဆေးရုံတစ်ခုခုမှာ appointment ယူပြီး ပြရမယ်ပေါ့နော်။ ထောက်ခံစာ သူတို့ဆီက ဆေးရုံကနေ ယူလို့ရတယ်” ဟု ထိုင်းတွင် Bangkok Bank အကောင့်ဖွင့်ပေးနေသော အေးဂျင့်တစ်ဦးက ဆိုသည်။

အလည်အပတ်ဗီဇာဖြင့် ဝင်ရောက်လာသော နိုင်ငံခြားသားများအတွက် ဘဏ်ငွေစာရင်းဖွင့်ခွင့်ကို Bangkok Bank တစ်ခုတွင်သာ ဖွင့်ခွင့်ပြုထားခဲ့ပြီး ယခုတွင် Bangkok Bank ကပါ ပိတ်လိုက်ခြင်းဖြစ်ကြောင်း၊ ထိုင်းအစိုးရက ထုတ်ပြန်ခြင်းဖြစ်သဖြင့် အကြောင်းရင်းမသိရကြောင်း ၎င်းက ဆိုသည်။

“ဒီမှာက ဒီလိုရှိတယ်။ လာကြတယ် Tourist Visa နဲ့ ၄၅ ရက်။ တွေ့တဲ့လိပ်စာပေးတယ်။ တွေ့တဲ့နေရာပေးတယ်။ ပြီးတော့ ဘဏ်အကောင့်တစ်ခု လွယ်လွယ်ပွင့်သွားတယ်။ နောက်ပိုင်းကျတော့ အချက်အလက်လိုက်လို့ မရတာရယ်။ ရောက်ပြီး ဖွင့်ပြီးတာနဲ့ ချက်ချင်း ငွေဟိုလွှဲ ဒီလွှဲလုပ်ကြတယ်။ အဲလိုမျိုးတွေလည်းပါမှာပေါ့။ ဖွင့်တဲ့သူလည်း အရမ်းများလာတယ်လေ။ ဒီလိုတွေကြောင့်လို့ ကျွန်တော်ထင်တယ်” ဟု မြန်မာသံရုံးနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

သို့သော်လည်း ထိုင်းနိုင်ငံတွင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူ၊ ကျောင်းတက်နေသူ၊ ဆေးရုံတက်ရောက်နေသူ၊ ရင်းနှီးမြုပ်နှံနေသူ၊ သံတမန်ဗီဇာ၊ Retirement Visa၊ သာသနာရေးပုဂ္ဂိုလ်များ၊ ရွှေ့ပြောင်းအလုပ်သမားများ စသည့် အထောက်အထားများ ခိုင်လုံမှုရှိပါက သံရုံးထောက်ခံချက်ဖြင့် ဘဏ်အကောင်ဖွင့်မှုကို ပြုလုပ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။