ဘင်္ဂလားဒေ့ရှ်တွင် ရိုဟင်ဂျာဒုက္ခသည်စခန်းမီးလောင်မှု လူတစ်သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်

0
2587

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် မတ်လ ၅ ရက် မွန်းလွဲပိုင်းက မီးလောင်ကျွမ်းမှုကြောင့် လူတစ်သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ရကြောင်း CNN သတင်းဌာနက ဖော်ပြထားသည်။

ရိုဟင်ဂျာ တစ်သန်းကျော် နေထိုင်နေသော ဒုက္ခသည်စခန်းအတွင်း ယမန်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် မီးအကြီးအကျယ်လောင်မှုကြောင့် လူနေအိမ် ၂၀၀၀ ကျော် မီးလောင်ကျွမ်းပျက်စီးကြောင်း ရေးသားထားသည်။

ထို့ကြောင့် စခန်းထဲက လူပေါင်း ၁၂၀၀၀ ခန့်မှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ဖော်ပြသည်။

မီးလောင်ရသည့် အကြောင်းရင်းနှင့် ပျက်စီးမှုတန်ဖိုးများ၊ လူသေဆုံးမှု ရှိမရှိအခြေအနေများကို လတ်တလော မသိရှိရသေးကြောင်း စခန်းရှိ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားထားသည်။

ဝါးနှင့် တာလပတ်အမိုးများဖြင့် ဆောက်လုပ်ထားသည့် စခန်းရှိ အိမ်များကို မီးက အလျင်အမြန်ကူးစက်သွားသည်ကို တွေ့ရှိရကြောင်း ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတာဝန်ရှိသူတစ်ဦးက AFP သတင်းဌာနသို့ ပြောသည်။

အဆိုပါစခန်းသည် ၂၀၁၇ ခုနှစ်တွင် စစ်တပ်က မြန်မာနိုင်ငံအတွင်းရှိ ရိုဟင်ဂျာများကို လိုက်လံဖြိုခွင်းခဲ့သဖြင့် ထွက်ပြေးလာခဲ့သော ဒုက္ခသည်များဖြစ်သည်။

ယခုမီးလောင်မှုသည်လည်း ၎င်းတို့ကို အိုးမဲ့အိမ်မဲ့ပြန်လည်ဖြစ်စေကြောင်း အထက်ပါတာဝန်ရှိသူက ပြောဆိုသည်။

မီးကို ၃ နာရီခန့်အကြာတွင် ထိန်းချုပ်နိုင်ခဲ့ပြီး စခန်းအတွင်းရှိ ဗလီ ၃၅ လုံးနှင့် စာသင်ကြားသော နေရာ၂၁ နေရာလည်း မီးလောင်ပျက်စီးသွားခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

စခန်းထဲရှိ ဆေးရုံနှင့် သင်ကြားရေးစင်တာ အပါအဝင် အဆောက်အအုံ ၉၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာမဟာမင်းကြီးရုံး UNHCR က မတ်လ ၅ရက်တွင် သတင်းထုတ်ပြန်သည်။

“မြန်မာနိုင်ငံမှာနေတုန်းက ဒုက္ခပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်ရတယ်။ နေအိမ်တွေကို မီးရှို့ခံခဲ့ရတယ်။ အခုလည်း အဲဒီလိုထပ်ဖြစ်ပြန်ပြီ” ဟု ဒုက္ခသည်တစ်ဦး The Guardian သတင်းဌာနသို့ ပြောဆိုထားသည်။

၂၀၂၁ နှင့် ၂၀၂၂ ခုနှစ် ၂ နှစ်အတွင်း ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် မီးလောင်မှုသည် ၂၂၂ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး ၎င်းတို့အနက် အကြိမ် ၆၀ ခုသည် ရှို့မီးဖြစ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ကာကွယ်ရေးဝန်ကြီးဌာနက ယခင်လက ထုတ်ပြန်ခဲ့သည်။