လောင်းလုံး ရှင်မော်လမ်းပိုင်း သွားလာခွင့် ပိတ်ထားသဖြင့် စစ်ဘေးရှောင်များ အခက်ကြုံ

0
2586

စစ်ကောင်စီက ထားဝယ်-လောင်းလုံး-ရှင်မော် ကားလမ်းမကြီးကို လူအုပ်စုဖြင့် ဖြတ်သန်းခွင့်ပိတ်လိုက်၍ စစ်ဘေးရှောင်မည့်သူများ အခက်အခဲ ကြုံနေကြရကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့က ထားဝယ်- လောင်းလုံး- ရှင်မော်လမ်းပိုင်းတစ်နေရာဖြစ်သည့် ကျောက်နီမော်ကျေးရွာအဝင်တွင် လမ်းပိတ်ထားခြင်းဖြစ်ကြောင်း ကိုယ်တိုင်ကြုံခဲ့ရသည့် ခရီးသည်တစ်ဦးကပြောသည်။

ကျောက်နီမော်ကျေးရွာသည် ပျူစောထီးအားကောင်းသည့် ကျေးရွာတစ်ရွာဖြစ်သည်။

မတ်လ ၂ ရက်မှစပြီး ကျောက်နီမော်ကျေးရွာအောက်ဘက်ရှိ အောက်ကျောက်ဝပ်ကျေးရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီ၊ ပျူစောထီးပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးသူများရှိခဲ့ကြောင်း သိရသည်။

မတ်လ ၄ ရက်တွင် စစ်ကောင်စီ၊ ပျူစောထီးပူးပေါင်းအဖွဲ့က အောက်ကျောက်ဝပ်ကျေးရွာသို့ ထပ်မံစစ်ကြောင်းထိုးဝင်ရောက်ပြီး ပစ်ခတ်ခဲ့ရာ ဒေသခံ ၅ ဦးသေဆုံးပြီး တစ်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။ အပြင်းအထန် ဒဏ်ရာရရှိသူ၏ နောက်ဆက်တွဲအခြေအနေကို ဆက်လက်မေးမြန်းစုံစမ်းနေဆဲဖြစ်ပြီး မသိရသေးပေ။

ယင်းအပြင် နေအိမ်ငါးဆောင်ကိုလည်း စစ်ကောင်စီ ပူးပေါင်းအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။

လက်ရှိအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့သော်လည်း စစ်ကောင်စီဘက်က မကြာခဏ လက်နက်ကြီး ပစ်ခတ်နေသေးကြောင်း ဒေသခံအချို့ကဆိုသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့် လက်နက်ကြီးပစ်ခတ်မှု‌တို့ကြောင့် အောက်ကျောက်ဝပ်ကျေးရွာ၊ ကျောက်ဝပ်ပြင်ကျေးရွာ၊ ညောပြင်ကျေးရွာ စသည့် အနီးအနားကျေးရွာမှ ဒေသခံများမှာ တောတောင်များအတွင်း စစ်ဘေးရှောင်နေခဲ့ရသည်။

တိုက်ပွဲများ၊ ပစ်ခတ်မှုများ ငြိမ်သက်ချိန်တွင် တောတောင်များအတွင်း တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်အချို့မှာ အခြားဘေးလွတ်ရာကျေးရွာများသို့ ထပ်မံတိမ်းရှောင်ကြသည်။

သို့သော် စစ်ကောင်စီ၊ ပျူစောထီးပူးပေါင်းအဖွဲ့က  ထားဝယ် ရှင်မော်လမ်းပိုင်းတစ်နေရာဖြစ်သည့် ကျောက်နီမော်ကျေးရွာအနီးတွင် ပိတ်ချလိုက်ခြင်းဖြစ်သည်။

“မနေ့က ကျွန်တော်တို့လာတော့ သူတို့ကပေးမဖြတ်ဘူး။ ကျွန်တော်တို့ ဒီမှာပိတ်မိနေတာ သုံးရက်လောက်တောင်ရှိသွားပြီ အခုကိုယ့်ရွာကိုယ်ပြန်မလို့ပါလို့ ဒီလိုပဲ တောင်းတောင်းပန်ပန်နဲ့ပြောလို့ ဂိတ်ဖြတ်ခွင့်ပေးလိုက်တာ” ဟု ခရီးသည်တစ်ဦးကဆိုသည်။

ရွှေ့ပြောင်းရန် အဆင်ပြေသူများမှာ ပြောင်းရွှေ့နေကြသော်လည်း အခြားနေရာသို့ပြောင်းရန် အဆင်မပြေသူများမှာ ရွာအနီးကတောတောင်များအတွင်း တိမ်းရှောင်နေရဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။

“တစ်ချို့ရွာမှာကျန်နေတဲ့သူတွေကတော့ စားစရာသောက်စရာတွေသွားယူပြီး တောထဲမှာပဲ ညအိပ်ကြဖို့စီစဉ်နေကြတယ်။ ရွာထဲမှာတော့ တစ်ယောက်မှ မနေရဲကြသေးဘူး” ဟု အခြားဒေသခံတစ်ဦးကဆိုသည်။

‌ပုံမှန်ပြေးဆွဲနေသည့် ခရီးသည်တင်ကားနှင့် ကုန်ကားအနည်းငယ်ကမူ ဖြတ်သန်းသွားလာနေကြသည်ဟုဆိုသည်။

“သူတို့ကပစ္စည်းဝယ်သွားစရာရှိတယ်ဆိုရင် သွားခိုင်းတဲ့ပုံစံတော့ရှိတယ်။ အားလုံးကိုပေးမသွားခိုင်းဘူး ဆိုတာမျိုးတော့မဟုတ်ဘူး။ ကားတစ်စီးလုံးအပြည့် လူတင်ပြီးလာတယ်ဆိုရင်တော့ ပေးမသွားဘူး” ဟု ကားသမားတစ်ဦးကဆိုသည်။

လောင်းလုံးမြို့တောင်ဘက်ခြမ်းက ရှင်ကိုးရှင်စာရင်းဝင် ရှင်မော်စေတီအနီးအနားက ပင်လယ်ကျေးရွာဒေသခံများ စစ်ဘေးရှောင်ရန်အခက်တွေနေချိန် မြို့မြောက်ဖက်ခြမ်း နာမည်ကျော်ကမ်းခြေတည်ရှိရာ မောင်းမကန်ကျေးရွာအနီးက သဘော့ဆိပ်၊ ပြင်ကြီး စသည့် ပင်လယ်ကမ်းခြေကျေးရွာဘက်တွင်လည်း ယနေ့ မနက်ပိုင်းတွင် လက်နက်ကြီးပစ်ခတ်မှုများ‌ကြောင့် ဒေသခံများ ‌တိမ်းရှောင်နေကြရသည်။