ရေးတွင် လက်နက်ကြီးကျည်ထိမှန်ပြီး အဘွားအိုတစ်ဦးသေဆုံး

0
2478

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အောင်သာယာကျေးရွာတွင် လက်နက်ကြီးကျည်စ ထိမှန်ကာ အသက် ၈၀ အရွယ် အဘွားအိုတစ်ဦး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

မတ်လ ၅ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် စစ်ကောင်စီအမြှောက်တပ် ၃၁၇ တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

လက်နက်ကြီးကျည်သည် အောင်သာယာကျေးရွာအတွင်း ကျရောက်ပေါက်ကွဲကာ ဒေါ်ထို့မူးဆိုသည့် အဘွား၏ ဝမ်းဗိုက်တွင် ကျည်စထိမှန်ကြောင်း ဒေသခံတို့က ပြောသည်။

အဘွားအိုကို လူမှုကယ်ဆယ်ရေးအဖွဲ့တို့၏ အကူအညီဖြင့် လမိုင်းမြို့ဆေးရုံ ပို့ဆောင်ခဲ့ပြီး ထိုမှတစ်ဆင့် မော်လမြိုင်မြို့ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

“အမြှောက်တပ်က ပစ်ခတ်တဲ့လက်နက်ကြီးက လူနေအိမ်ပေါ်မှာ ကျကွဲတယ်။ အဲဒီမှာ အသက် ၈၀ အရွယ် အဘွားအိုတစ်ဦးကတော့ ဗိုက်မှာ ထိသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရေးမြို့နယ် မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင်စီအမြှောက်တပ်ရင်း ၃၁၇ က ဖေဖော်ဝါရီ ၁၀ ရက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့်လည်း ကနင်ကမော့ကျေးရွာဘေးရှိ စုစည်းမြိုင်ရွာ (ရိုးဖို့ဂေဟ်) ဘုန်ကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သေးသည်။

ယင်းဖြစ်ရပ်တွင် အသက် ၁၀ နှစ်အရွယ် ကိုရင်ငယ်တစ်ပါး ပျံလွန်တော်မူပြီး ရဟန်းတစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဇန်နဝါရီလအတွင်းကလည်း အဆိုပါတပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကနင်ကမော့ကျေးရွာက အမျိုးသမီးနှစ်ဦး ကျည်စထိမှန်ဒဏ်ရာများရရှိခဲ့သေးသည်။

ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကရင်ပူးပေါင်းတပ်၊ ပြည်သူ့ကာကွယ်တို့အကြား ပစ်ခတ်မှု မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ယင်းသို့ပစ်ခတ်မှုဖြစ်ပြီးတိုင်း ရေးအခြေစိုက် စစ်ကောင်စီတပ်ရင်းတို့က ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်လေ့ရှိသည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

ပစ်ခတ်တိုက်ခိုက်များ မကြာခဏဖြစ်ပွားနေသည့် ရေးမြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားပြီး ညနေ ၆ နာရီမှ နံနက် ၆ နာအထိ ညမထွက်ရအမိန့်လည်း ထုတ်ပြန်ထားသည်။