သဘော့ဆိပ်ရွာထဲ လက်နက်ကြီးကျ ၊ဒေသခံများထွက်ပြေး

0
2810

လောင်းလုံးမြို့နယ် သဘော့ဆိပ်ရွာအနီး ယနေ့ ‌(မတ် ၆) နေ့လယ်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

သဘော့ဆိပ်ရွာ၏‌အရှေ့ဘက်တောင်ကြောနှင့် ပင်လယ်ဘက်မှ နှစ်ဖက်ညှပ်ပြီး ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ကျွန်မတို့အိမ်ခေါင်းပေါ် လာကျတယ်။ အခု ရွာသားတော်တော်များများ ထွက်ပြေးကုန်ကြပြီ”ဟု ၎င်းကပြောသည်။

ယနေ့ မနက်စောစောပိုင်းက ကရင်ကြီးရွာတွင် ပျူစောထီး၊ စစ်ကောင်စီပူးပေါင်းတပ်နှင့် ပြည်သူကာကွယ်ရေးတပ်တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ယင်းနောက် စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့က ကုန်းရေ နှစ်ဖက်ညှပ်၍ လက်နက်ကြီးဖြင့် ပစ်ကူပေးနေခြင်းဖြစ်ပြီး အဆိုပါလက်နက်ကျည်ဆန်များ ကျေးရွာအနီး ကျရောက်ပေါက်ကွဲနေသည့်အတွက်ကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြခြင်းဖြစ်သည်။

“ကားတွေနဲ့ရော ဆိုင်ကယ်တွေနဲ့ရောပဲ ထွက်ပြေးကုန်ကြပြီ”ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။

နှစ်ဖက်ထိခိုက်ကျဆုံးမှုနှင့် အရပ်သားထိခိုက်ဒဏ်ရာ ရရှိမှုအခြေနေကို မသိရသေးပေ။