ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
2606

ယခုအပတ်တွင် ရွှေဈေးမှာ လုံးဝအလှုပ်အခတ်မရှိဘဲငြိမ်နေပြီး ထိုင်းဘတ်ဈေးမှာ အတက်အကျ အနည်းငယ်သာရှိသည်။

ထူးခြားချက်အနေဖြင့် အခေါက်ရွှေဈေးမှာ ဈေးတန်းတစ်ခုတွင် တစ်ပတ်လုံးငြိမ်နေခဲ့သည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

တစ်ပတ်လုံးငြိမ်နေသည့် ရွှေဈေး

အခေါက်ရွှေဈေးသည် ယခုအပတ်အတွင်း အပြောင်းအလဲလုံးဝမရှိဘဲ ဈေးငြိမ်နေသည်။

အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းသုံးသောင်းကျပ်ဖြင့် ဖေဖော်ဝါရီလ ၂၇ ရက်(တနင်္လာနေ့)မှ မတ်လ ၃ ရက်နေ့အထိ ငြိမ်နေခဲ့သည်။

ပြီးခဲ့သည့်အပတ်ကမူ ကျပ်ထောင်ဂဏန်းအထိ အတက်အကျ ဖြစ်ခဲ့သေးသည်။

 ပြားစွန်းသာလှုပ်သည့် ဘတ်ဈေး

ထိုင်းဘတ်ငွေဈေးမှာ ယခုအပတ်တွင် ပြားစွန်းစွန်းသာ အလှုပ်အခတ်ရှိခဲ့သည်။

တနင်္လာနေ့ပေါက်ဈေးအရ  ထိုင်းငွေတစ်ဘတ်လျှင် ၈၃ ကျပ်ဝန်းကျင်ရှိခဲ့ပြီး နောက်ရက်များတွင် အတက်အကျ အနည်းငယ်သာရှိခဲ့သည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၁၂၁၃ ဘတ် လဲလျှင် မြန်မာငွေကျပ် တစ်သိန်းရမည်ဖြစ်သည်။

အတက်အကျရှိသည့် စက်သုံးဆီဈေး

တနင်္သာရီတိုင်း၏ စက်သုံးဆီဈေးမှာ နေ့စဉ်အတက်အကျရှိခဲ့ပြီး တစ်လီတာလျှင် ၂၅ ကျပ် အထိ ဈေးလှုပ်နေခဲ့သည်။

ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၁၇၀ ကျပ် မှ ၂၁၉၅ကျပ်အကြား နှုန်းထားဖြင့် ရောင်းချနေသည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့်နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၄၁၀ ကျပ်မှ ကျပ် ၃၂၀၀ ကျပ်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

အလှုပ်အခတ်မရှိဘဲ တစ်ပတ်လုံးလုံး ငြိမ်နေသည့်ရွှေဈေးမှာ လာမည့်အပတ်တွင်လည်း လက်ရှိနှုန်းထားအတိုင်းပင် အတက်အကျနည်းနည်းဖြင့် ဈေးဖွင့်မည်ဟု ခန့်မှန်းရသည်။

လက်ရှိ ကမ္ဘာ့ရွှေဈေးမှာ တက်နေပြီး တစ်အောင်စလျှင် ၁၈၅၅ ဒေါ်လာ ဈေးပေါက်နေသည်။ ပြီးခဲ့သည့်အပတ်ကမူ ၁၈၁၁ ဒေါ်လာသာ ဈေးဖွင့်ထားသည်။

ကမ္ဘာ့ရွှေဈေး ပြန်တက်နေသော်လည်း ပြည်တွင်းနိုင်ငံရေး စီးပွားရေးအခြေအနေများကြောင့် လာမည့်အပတ်တွင် ဈေးနှုးန်းအပြောင်းအလဲ ကြီးကြီးမားမား မရှိနိုင်ကြောင်း သုံးသပ်ရသည်။

ထိုကြောင့် လာမည့်အပတ်တွင်လည်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၂၈၃၀၀၀၀ ကျပ်ဈေးတန်းတွင် အပြောင်းအလဲနည်းနည်းဖြင့် ဈေးဖွင့်နေနိုင်သည်။

ထိုင်းဘတ်ဈေးလည်း ရွှေဈေးကဲ့သို့ပင် အတက်အကျနည်းနည်းဖြင့် ဆက်ရှိနေမည်ဖြစ်သည်။

တစ်ဘတ်လျှင် ၈၃ ကျပ်ဝန်းကျင်ပေါက်ဈေးရှိသည့် ထိုင်းငွေလဲနှုန်းသည် လာမည့်အပတ်တွင်လည်း ယင်းနှုန်းထားနှင့် မတိမ်းမယိမ်းပင် ဈေးဆက်ဖွင့်နေမည်ဟု ခန့်မှန်းရသည်။

ပြည်တွင်းစက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် နိုင်ငံရေးအခြေအနေအပေါ် မူတည်နေသည်။

လက်ရှိကမ္ဘာ့ရေနံပေါက်ဈေးမှာ အနည်းငယ်တက်ရိပ်ပြနေသော်လည်း ဒေါ်လာငွေလဲနှုန်းမှာ အလှုပ်အခတ် နည်းနေသည်။

လက်ရှိတွင် အမေရိကန်တစ်ဒေါ်လာလျှင် ၂၈၈၀ ကျပ် ဈေးပေါက်နေပြီး ပြီးခဲ့သည့်အပတ်နှုန်းထားအတိုင်းပင် ရှိနေသည်။

ထိုကြောင့် လာမည့်အပတ်တွင် ပြည်တွင်းစက်သုံးဆီဈေးမှာ လက်ရှိဈေးအတိုင်း တစ်လီတာလျှင် ၂၂၀၀ ကျပ်ဝန်းကျင်ဖြင့် ဈေးဖွင့်နေမည်ဟု ခန့်မှန်းရသည်။