လောင်းလုံး ‌အောက်ကျောက်ဝပ်ရွာအနီးသို့ စစ်ကြောင်းထပ်ထိုးနေဟုဆို

0
2985

မတ်လ ၂ ရက်က တစ်ရက်လုံးနီးပါး တိုက်ပွဲဖြစ်ပွားခဲ့သည့် လောင်းလုံးမြို့နယ် အောက်ကျောက်ဝပ်ကျေးရွာ အနီးဝန်းကျင်သို့ စစ်ကောင်စီတပ်က ယနေ့ မတ်လ ၄ ရက်တွင် ထပ်မံစစ်ကြောင်းထိုးလာနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ကျွန်မတို့အခုထိ ပုန်းနေရသေးတယ်” ဟု ထိတ်လန့်နေသည့်အသံဖြင့် ဒေသခံတစ်ဦးက ယနေ့ နံနက် ၁၀ နာရီခန့်က ပြောဆိုသည်။

‌အသေးစိတ် မေးမြန်းချိန်မရဘဲ ဖုန်းချသွားခဲ့သည်။ အခြားဒေသခံနှစ်ဦးထံ ဖုန်းထပ်ဆက်ကြည့်ရာတွင် စက်ပိတ်ထားကြသည်။

ယမန်နေ့က တိုက်ပွဲဖြစ်ပွားရာနေရာသို့ စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေသဖြင့် ပြည်သူများ မလိုလားအပ်ဘဲ အပြင်မသွားကြရန် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ ၁၀ နာရီခန့်က ထုတ်ပြန်ထားသည်။

မတ်လ ၂ ရက်က အောက်ကျောက်ဝပ်ကျေးရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်၊ ပျူစောထီး ပူးပေါင်းအဖွဲ့တို့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တစ်နေ့လုံးနီးပါး တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးအဖွဲ့တို့အား ရှင်မော်-ကျောက်နီမော်လမ်းပိုင်းတစ်နေရာတွင် တစ်ကြိမ်၊ အောက်ကျောက်ဝပ်နှင့် ကျောက်ဝပ်ပြင်ကြားတွင်တစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မတ်လ ၃ ရက်က ထုတ်ပြန်ထားသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂ ဦးနှင့် ပျူစောထီးအဖွဲ့ဝင်တစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ များလည်း ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရုပ်သံမှတ်တမ်းတစ်ခုထဲတွင်လည်း ဆိုင်ကယ်တစ်စီးဖြင့် လဲကျနေသည့် အမျိုးသားတစ်ဦးကိုမြင်တွေ့ရသည်။

ဒေသခံအချို့ကလည်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိကြောင်း ပြောဆိုကြသည်။

“တိုက်ပွဲဖြစ်တဲ့နေ့ကတည်းက သေတဲ့သူတွေရှိတယ်ဆိုတာကြားရတယ်။ ဒါပေမဲ့ ဘယ်သူတွေမှန်း မသိဘူး။ သွားမကြည့်ရဲကြဘဲကိုး” ဟု ဒေသခံတစ်ဦးက မတ်လ ၃ ရက် နံနက်ပိုင်းပြောဆိုသည်။

ယင်းအပြင် VIGO ကားနှစ်စီးဖြင့် ကျောက်နီမော်ကျေးရွာဖက်က ဆင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီး ကားနှစ်စီးအား ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ကားတစ်စီး မိုင်းထိမှန်ခဲ့သော်လည်း ထိခိုက်မှုအခြေအနေကိုမူ မသိရသေးဟုဆိုသည်။

ညနေ ၅ နာရီခန့်တွင် အောက်ကျောက်ဝပ်ရွာနှင့် ကျောက်ဝပ်ပြင်ရွာကြားရှိ တောင်ကြားသို့ စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးအဖွဲ့တို့ စစ်ကြောင်းထိုးလာရာ ပြည်သူ့ကာကွယ်‌ရေးအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြန်ကြောင်း ဆိုသည်။

ယင်းနောက် စစ်ကောင်စီတပ်ဘက်က အောက်ကျောက်ဝပ်ကျေးရွာသို့ ဆုတ်ခွာသွားပြီး ယင်းမှတစ်ဆင့် ည ၉ နာရီ ကျော်တွင် ရေကြောင်းဖြင့် အခြားတစ်နေရာသို့ ထပ်မံဆုတ်ခွာသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ပွဲဖြစ်ပွားရာနေရာအား ပြည်သူ့ကာကွယ်ရေးအဖွဲ့က နယ်မြေသွားရောက်ရှင်းလင်းရာ VIGO ကားတစ်စီး၊ လက်ကိုင်ဖုန်း သုံးလုံး၊ ဆိုင်ကယ်တစ်စီး၊ ငွေကျပ် ငါးသိန်းကျော်၊ MA 3 လက်နက်တစ်လက်နှင့် ကျည်ဘောက်တစ်ခု သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

VIGO ကားကိုမူ မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဆိုသည်။

တစ်နေ့လုံးနီးပါး တိုက်ပွဲဖြစ်ပွားနေသဖြင့် ကျောက်ဝပ်ပြင်၊ အောက်ကျောက်ဝပ်၊ ညောပြင် စသည့်ကျေးရွာတို့မှ ဒေသခံများမှာ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

မတ်လ ၃ ရက် တစ်နေ့လုံး သေနတ်သံများမကြားရတော့ဘဲ အနည်းငယ်တည်ငြိမ်နေခဲ့သည်။

ယနေ့ မတ်လ ၄ရက်တွင်မူ စစ်ကောင်စီတပ်ဖွဲ့က အောက်ကျောက်ဝပ်ကျေးရွာ အနီးဝန်းကျင်သို့ ထပ်မံစစ်ကြောင်း ထိုးလာပြီး လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်နေခြင်းဖြစ်သည်။

ယနေ့အခြေအနေ အသေးစိတ်ကိုမူ ဒေသခံတို့၏ လုံခြုံရေးအခြေအနေအရ မေးမြန်းနိုင်ခြင်း မရှိသေးပေ။