လောင်းလုံး အောက်ကျောက်ဝပ်ရွာ မီးရှို့ခံနေရ၊ မီးသွားငြှိမ်းသူ အသတ်ခံရဟုဆို

0
3437

လောင်းလုံးမြို့နယ် အောက်ကျောပ်ဝပ်ကျေးရွာ မီးရှို့ခံနေရကြောင်း ဒေသခံတစ်ဦးကပြောသည်။

ယနေ့ (မတ် ၄) ၁၁ နာရီခန့်က ရွာထဲမှ မီးခိုးလုံးများထွက်ပေါ်နေသည်ကို တိမ်းရှောင်နေရသည့် တောတောင်ထဲမှ မြင်တွေ့နေရကြောင်း ၎င်းကဆိုသည်။

“သူတို့( စစ်ကောင်စီတပ်) က ရွာပြင်ကနေစပြီး မီးရှို့နေတယ်တဲ့။ မီးသွားသတ်တဲ့သူတွေကိုလည်း ပစ်လို့သေတဲ့သူ သေနေကြတယ်လို့ ကြားရတယ်။ အသေးစိတ်တော့မသိရသေးဘူး။ အဲလောက်ပဲကြားရသေးတယ်” ဟု တိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးက ယနေ့ ၁၂ နာရီဝန်းကျင်က ပြောဆိုသည်။

အောက်ကျောက်ဝပ်ကျေးရွာအနီးဝန်းကျင်းတွင် မတ်လ ၂ ရက် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပျူစောထီး၊ စစ်ကောင်စီပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်းစီဘက်က ထိခိုက်သေဆုံးမှုရှိကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းနောက် စစ်ကောင်စီတပ်များ ဆုတ်ခွာသွားခဲ့သည်ဟုဆိုသည်။

ယနေ့ (မတ် ၄) မနက်ပိုင်းတွင်မူ စစ်ကောင်စီတပ်ဖွဲ့တို့ အောက်ကျောက်ဝပ်ကျေးရွာသို့ ထပ်မံရောက်ရှိလာပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ယမန်နေ့က တိုက်ပွဲဖြစ်ပွားရာ‌နေရာများသို့ ပစ်ခတ်ခြင်း၊ နေအိမ်မီးရှို့ခြင်းတို့ လုပ်ဆောင်နေကြောင်း ဒေသခံအချို့ကဆိုသည်။

“သူတို့( စစ်ကောင်စီ) က ကားလေးစီးနဲ့ ထွက်သွားပြီဆိုပြီး ဟန်ပြထွက်သွားတော့ ရွာသားတွေကလည်း မီးသွားသတ်မယ်ဆိုပြီးထွက်သွားကြတာ။ အဲမှာ ပစ်သတ်ခံရတယ်ဆိုပြီးကြားရတယ်” ဟု တိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးကဆိုသည်။

ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း‌ေရှောင်နေကြဆဲ ဖြစ်ကြောင်းသိရသည်။

အခြေအနေအသေးစိတ်ကို ဆက်လက် စုံစမ်းနေပြီး ထပ်မံဖော်ပြသွားပါမည်။