လောင်းလုံး ဇလွတ်ရွာဖြစ်စဉ် ပြည်သူ့ကာကွယ်ရေးထုတ်ပြန်ချက်နှင့် ဒေသခံတို့ပြောဆိုချက်ကွဲလွဲ

0
3130

လောင်းလုံးမြို့နယ် ဇလွတ်ကျေးရွာတွင် ဒေသခံသုံးဦးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်ပစ်ခတ်ခဲ့ရာ နှစ်ဦးလွတ်‌မြောက်သွားပြီး တစ်ဦးပစ်သတ်ခံခဲ့ရသည်။

ဦးအောင်မိုး၊ ဒေါ်ယဉ်ယဉ်သန်း ဇနီးမောင်နှံနှင့် ဦးဝင်းသိန်းပုဆိုသူတို့ကို လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၂ရက် နံနက်ပိုင်းတွင် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ဦးအောင်မိုး၊ ဒေါ်ယဉ်ယဉ်သန်းတို့မှာ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ဦးဝင်းသိန်းပုဆိုသူမှာ ပစ်သတ်ခံ လိုက်ရသည်။

ယင်းဖြစ်စဉ်အပေါ် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖေဖော်ဝါရီလ ၂၂ ရက်စွဲဖြင့် ထုတ်ပြန်ချက် ထုတ်ပြန်ထားသည်။

ထွက်ပြေးလွတ်မြောက်သွားသူ ဦးအောင်မိုး၊ ဒေါ်ယဉ်ယဉ်သန်းတို့ဇနီးမောင်နှံနှင့် ပစ်သတ်ခံလိုက်ရသူ ဦးဝင်းသိန်းပု တို့မှာ ‌‌ပျူစောထီးခေါင်းဆောင် ချစ်စမ်းမောင်၏ တပည့်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဦးအောင်မိုးနှင့် ဒေါ်ယဉ်ယဉ်သန်းတို့သည် ဓားပြတိုက်၊ လူသတ်မှုတွင်ပါဝင်ပြီး ပျူစောထီးအဖွဲ့ဝင်များ တိုးပွား လာစေရန် စည်းရုံးပေးနေသူဖြစ်ကြောင်း ဆိုထားသည်။

ဒေသခံအချို့ကမူ အဆိုပါဇနီးမောင်နှံသည့် စီးပွားရေးလုပ်ငန်းများစွာ လုပ်ကိုင်ကြကာ ယခင်ကပင် စီးပွားရေး အဆင်ပြေသူများဖြစ်သဖြင့် ဓားပြတိုက်မှုတွင် ပါဝင်သည်ဆိုသည့်အပေါ် သံသယဖြစ်ကြောင်း ပြောသည်။

၎င်းတို့သည် ရွာအတွင်း အီကြာကွေးမုန့်လုပ်ကိုင်ပြီး လက်ဖက်ရည်ဆိုင်ကို တွဲဖွင့်ထားခြင်း၊ ကားဆွဲခြင်း၊ ငွေလွှဲ လုပ်ငန်းလုပ်ကိုင်ခြင်း၊ ဆိုင်ကယ်၊ တီ‌ဗီပြုပြင်ခြင်း၊ ရေခဲချောင်းထုတ်လုပ်ခြင်း စသည့် လုပ်ငန်းမျိုးစုံ လုပ်ကိုင်သူ ဖြစ်ကြောင်း ပြောဆိုသည်။

“သူတို့မှာတော့ (လောင်းလုံး ပကဖ) သက်သေရှိတယ်လို့ ပြောတာပဲ။ ကျွန်တော်တို့ ပြည်သူတစ်ယောက်အနေနဲ့ ကတော့ သက်သေရှိတယ်ဆိုရင်လည်း ဓာတ်ပုံနဲ့တကွ အဲဒီလိုမျိုးဖြစ်စေချင်တယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ဦးအောင်မိုးတို့အိမ်က လက်စွပ် ၈ ကွင်း၊ နားကပ် ၁၀ ရံ၊ လက်ကောက် ၂ ကွင်း၊ ရွှေဆွဲကြိုး ၃ ကုံး၊ ငွေကျပ် ၃၄ သိန်း၊ ကားတစ်စီး၊ ဖုန်း ၃ လုံး၊ Tablet တစ်လုံးကို လောင်းလုံးပကဖက သိမ်းဆည်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိသားစုနှင့် နီးစပ်သူတစ်ဦးကမူ ရွှေထည်ပစ္စည်းများမှာ ရပ်ရွာက လာရောက်ပေါင်နှံထားသည့်ပစ္စည်းများနှင့် ထိုင်းနိုင်ငံရောက် ဆွေမျိုးတို့က လာရောက်အပ်နှံထားသည့် ပစ္စည်းများဟု ပြောဆိုသည်။

ယင်းအပြင် သိမ်းဆည်းသွားသည့်ဖုန်းထဲတွင် Wave Money အကောင့်ပါသွားပြီး ထိုအကောင့်ထဲတွင်လည်း ငွေလွှဲလုပ်ငန်းလုပ်ကိုင်နေသည့် ပိုက်ဆံများပါသွားကြောင်း ၎င်းနီးစပ်သူက ဆိုသည်။

Wave Money အကောင့်အကြောင်းမူ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိပေ။

ပကဖအဖွဲ့က သိမ်းဆည်းသွားသောကားမှာ ကား‌နောက်ပိုင်းအမိုးဖွင့်ထားသည့် Mazda Bongo အမျိုးစားကား ဖြစ်ကြောင်းလည်း ဆိုသည်။

“အရင်တုန်းက သူတို့မှာရှိတာက ကားအငယ်စားလေး။ မြေရောင်းပြီး ဒီကားအကြီး (Mazda Bongo ကား) ကို ဝယ်လိုက်တာ။ ဝယ်ထားတာလည်း တော်တော်ကြာပါပြီ။ သူတို့ထုတ်ပြန်တာမှာတော့ ပျူစောထီးတွေကို တင်ပြီး သွားနေတယ်လို့ ထုတ်ပြန်ထားတာပဲ။ သူတို့သတင်းက ဘယ်ကရတဲ့သတင်းမှန်းတော့ မသိဘူးပေါ့” ဟု ၎င်းနီးစပ်သူက ဆိုသည်။

ဦးအောင်မိုး၏ ဆိုင်ကယ်ပြင်ဆိုင်သို့မူ ကျောက်နီမော်ရွာမှ ပျူစောထီးတို့က မကြာခဏ ဆိုင်ကယ်ပြုပြင်ရန် လာလေ့ရှိကြောင်း ဆက်လက်ပြောဆိုသည်။

ပျူစောထီးအားကောင်းသည့် ကျောက်နီမော်ရွာသည် ဇလွတ်ကျေးရွာနှင့် သုံးမိုင်ကျော်သာ ကွာဝေးသည်။

ဦးအောင်မိုးကမူ အထင်အမြင်လွဲခံရနိုင်သဖြင့် ဆိုင်ကယ်လာမပြင်ရန်ပြောဆိုခဲ့ဖူးသည်ဟု နီးစပ်သူက ဆိုသည်။

ဦးအောင်မိုးနေအိမ်ကို ဖေဖော်ဝါရီလ ၂၂ ရက် နံနက် ၆ နာရီကျော်အချိန်တွင် ပကဖတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာ မည်သို့ ထွက်ပြေးလွတ်မြောက်သွားသည်ကိုမူ မသိရပေ။

ဦးအောင်မိုးတို့ ဇနီးမောင်နှံနှစ်ဦး ထွက်ပြေးလွတ်မြောက်သွားသော်လည်း ဦးဝင်းသိန်းပုမှာ ပစ်သတ်ခံလိုက်ရသည်။

ဦးအောင်မိုးတို့အိမ်အား ဝင်ရောက်စီးနင်းပြီးနောက် ဦးဝင်းသိန်းပုနေအိမ်သို့ ပကဖတပ်ဖွဲ့က သွားရောက်ရှာဖွေခဲ့ခြင်း ဖြစ်သည်။

ဦးဝင်းသိန်းပုမှာလည်း ကားတစ်စီးဖြင့် ထွက်ပြေးရာ ဇလွတ်ရွာဘုန်းကြီးကျောင်းအနီးတွင် ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေသခံတစ်ဦး၏အဆိုရမူ ဦးဝင်းသိန်းပုမှာ ထွက်ပြေးခြင်းမဟုတ်ဘဲ ဘုရာထီးတင်ရန်ကိစ္စဖြင့် ဘုန်းကြီးကျောင်းသို့ ကားမောင်းထွက်သွားခြင်းသာဖြစ်သည်ဟု ဆိုသည်။

ဦးဝင်းသိန်းပု၏ အသုဘသို့သွားစဉ် မိသားစုဝင်တစ်ဦး၏ ပြောဆိုချက်ကို ကိုကားပြီး ၎င်းဒေသခံက အထက်အပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

“(ပကဖတပ်ဖွဲ့က) ဦးဝင်းသိန်းကို လာရှာနေတယ်လို့ပြောနေတယ်လို့ သူ့မိန်းမကပြောတာကို ငါကဘာလုပ်နေလို့ လာရှာရမှာလဲ။ ငါကဘာအပြစ်မှ လုပ်ထားတာမှမဟုတ်တာ အဲဒီလိုပြောသေးတယ်တဲ့” ဟု ၎င်းဒေသခံကဆိုသည်။

ထိုသို့ပြောဆိုပြီး ဘုန်းကြီးကျောင်းထီးတင်ပွဲအတွင် သွားရောက်ကူညီမည်ဟုဆိုကာ အိမ်က ကားဖြင့် ထွက်သွားသည်ဟု ဆိုသည်။

ဦးဝင်းသိန်းပုအား ဘုန်းကြီးကျောင်းအနီးတွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပကဖတပ်ဖွဲ့က ထုတ်ပြန်သော်လည်း ဒေသခံအချို့ကမူ ဘုန်းကြီးကျောင်းတွင် ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်သွားပြီးမှ ပစ်သတ်ခဲ့ကြောင်း ဆိုသည်။

ဦးဝင်းသိန်းပုထံမှ ငွေကျပ် ၁၁ သိန်း၊ မလေးရှားငွေ ၁၁ ရင်းဂစ်၊ ထိုင်းငွေ ၁၄၀ ဘတ်၊ လက်ကိုင်ဖုန်းတစ်လုံး သိမ်းဆည်းရမိပြီးခဲ့ပြီး လက်ကိုင်ဖုန်းအတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့ထံ ဖုန်းဆက်အကူအညီ တောင်းခံထားသည့် အထောက်အထား‌ကိုတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဦးဝင်းသိန်းပုမှာ ၎င်း၏စီးပွားရေးလုပ်ငန်းသဘောအရ စစ်ကောင်စီနှင့်လည်း ဆက်ဆံနေရသူဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

၎င်းသည် ပဲ့နင်းဟောင်းတစ်ဦးဖြစ်ပြီး နောက်ပိုင်းတွင် ကျေးရွာတွင် ဒီဇယ်မီးစက်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးသည့် လုပ်ငန်း ပြောင်းလဲလုပ်ကိုင်ခဲ့သည်ဟု ဆိုသည်။

Petro and Trans ကုမ္ပဏီကဖြန့်ဖြူးသည့် ၂၄ နာရီ လျှပ်စစ်စီမံကိန်း ဇလွတ်ကျေးရွာသို့ရောက်လာသောအခါ မီးစက်လုပ်ငန်းကိုရပ်နားပြီး ကုမ္ပဏီတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

နေအိမ်များတွင် လျှပ်စစ်ဝါယာကြိုးများ၊ လျှပ်စစ်မီးသီးများ တပ်ဆင်ပေးခြင်း၊ မီတာခကောက်ခံခြင်း စသည့် အလုပ်များ လုပ်ကိုင်နေသူဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ဦးဝင်းသိန်းပုအား ပစ်ခတ်ရှင်းလင်းပြီးနောက် ကျောက်နီမော်ရွာဘက်မှ ပျူစောထီးအဖွဲ့ ကား ၂ စီးဖြင့်ရောက်လာပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ပကဖအဖွဲ့နှင့် မိနစ် ၂၀ ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယင်းအပြန်အလှန်ပစ်ခတ်မှုအကြောင်းကိုမူ မသိရသေးပေ။

သေဆုံးသူ ဦးဝင်းသိန်းပုနှင့် ထွက်ပြေးလွတ်မြောက်သွားသူ ဦး‌အောင်မိုးတို့နှစ်ဦးသည် ညောပြင်၊ ဇလွတ်ကျေးရွာ ဓားပြတိုက် လူသတ်မှုတို့တွင် ပူးပေါင်းပါဝင်ပြီး သိမ်းဆည်းလာသော ပစ္စည်းများကို အချိုးကျခွဲဝေယူကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသတင်းအချက်အလက်များကို မြေပြင်သတင်းပေးပို့ချက်၊ ဖရဲသီးသတင်းတို့အရ သိရှိထားခြင်းဖြစ်သည်ဟု ဆိုသည်။ ပြည်သူတို့၏ ဆိုင်ကယ်ကိုသိမ်းဆည်းပြီး ငွေကြေးဖြင့်ပြန်ထုတ်စေခြင်းကိုလည်း ၎င်းတို့နှစ်ဦးက ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။