ကိုယ်ခန္ဓာ ၈၅ ရာခိုင်နှုန်း မသန်စွမ်းပေမယ့် စီရော်နယ်ဒိုနဲ့ မက်ဆီ ပုံတူပန်းချီကားတွေ ရေးဆွဲရင်း နာမည်ကျော်ခဲ့တဲ့ အီရန်နိုင်ငံသူ ဖာတီမီ

0
2950

သူမရဲ့နာမည်က ဖာတီမီ ဟာမာမီ ဖြစ်ပါတယ်။ အီရန်နိုင်ငံသူ ပန်းချီအနုပညာရှင်တစ်ယောက်ပါ။ သူမ ခုံမင်ဖက်တွယ်တာက ပန်းချီရေးဆွဲမှုပါပဲ။

ပန်းချီရေးဆွဲနေရတာဟာ သူမအတွက် ဘဝနာကျင်မှုတွေကို သက်သာရာရစေတယ်လို့ ဖာတီမီက ခံယူထားပါတယ်။ ဖာတီမီ ဆီမှာ ဘာကြောင့် ဘဝနာကျင်မှုတွေ ရှိနေရသလဲဆိုတော့ ခန္ဓာကိုယ်ချို့ယွင်းချက်တွေကြောင့်ပါပဲ။

သူမ ကိုယ်ခန္ဓာရဲ့ ၈၅ ရာခိုင်နှုန်းဟာ လုံးဝကို မသန်စွမ်းတဲ့အနေအထားဖြစ်နေခဲ့တာပါ။ ဒါပေမဲ့ ဖာတီမီ ဟာ ဘဝကို လုံးဝအရှုံးမပေးခဲ့ပါဘူး။

သူမ ချစ်မြတ်နိုးတဲ့ အနုပညာကို ဖက်တွယ်ရင်း အကောင်းဆုံး ရှင်သန်ရပ်တည်နေဆဲပဲဖြစ်ပါတယ်။ ဖာတီမီ ဟာ သူမရဲ့ခြေချောင်းလေးတွေကို အသုံးပြုပြီး ပန်းချီကား ရေးဆွဲတာပါ။

ရေးဆွဲတဲ့ပန်းချီကားတွေက အသက်ဝင်လွန်းလှတာကြောင့်လည်း ဖာတီမီက နာမည်ကျော်ကြားနေပါတယ်။ အထူးသဖြင့် သူမကို လူသိများသွားစေခဲ့တာက စီရော်နယ်ဒိုနဲ့ မက်ဆီ ပန်းချီကားတွေပါပဲ။

ဒီလို ဘဝကို အရှုံးမပေးဘဲ ရဲရင့်နေသူ အမျိုးသမီးတစ်ယောက်ရဲ့အကြောင်းကို ဒီတစ်ပတ်မှာ Dawei Watch ရဲ့ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။