ကရင်အချင်းချင်းတိုက်ခိုက်မှု အမြန်ဆုံးအဆုံးသတ်ပေးရန် နိုင်ငံတကာကရင်အဖွဲ့အစည်းတောင်းဆို

0
2595

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ၄ နှင့် ကော်သူးလေတပ်မတော်တို့ အချင်းချင်း ရန်မူတိုက်ခိုက် နေမှုများကို ကရင်တစ်မျိုးသားလုံး၏ မျက်နှာကိုထောက်ရှုကာ အမြန်ဆုံးအဆုံးသတ်ပေးရန် နိုင်ငံတကာကရင်အဖွဲ့အစည်း (IKO) က တောင်းဆိုလိုက်သည်။

ပြည်ပရောက် ကရင်လူမျိုးများဖြင့်ဖွဲ့စည်းထားသည့် International Karen Organisation (IKO)က ဖေဖော်ဝါရီလ ၂၂ ရက် တွင် ထုတ်ပြန်တောင်းဆိုလိုက်ခြင်းဖြစ်သည်။

အဆိုပါ အဖွဲ့အစည်းသည် နိုင်ငံတကာရောက် ကရင်အဖွဲ့အစည်းများဖြင့် စုပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ပြည်သူတစ်ရပ်လုံးက စစ်ကောင်စီကို (စစ်အစိုးရ) ကို အမြစ်ပြတ်ဖြုတ်ချရေးအတွက် တိုက်ပွဲဝင် နေချိန်ဖြစ်သည့်အတွက် ကရင်အချင်းချင်းတိုက်နေသည်မှာ မဖြစ်သင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုကြောင့် ကရင်အချင်းချင်းတိုက်နေမည့်အစား စစ်အုပ်စုဆီ သေနတ်ပြောင်းဝလှည့်ကြရန် အထက်ပါအဖွဲ့အစည်းက တောင်းဆိုထားသည်။

လက်ရှိတွင် KNU တပ်မဟာ ၄ ၏ KNLA တပ်နှင့် ကော်သူးလေ တပ်မတော် KTLA တို့အကြား စစ်ရေးတင်းမာနေပြီး ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေသည်။

ယခုလအတွင်း တိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ရဲဘော် သုံးဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့ကြောင်း ကော်သူးလေ တပ်မတော်က ထုတ်ပြန်ထားသည်။

ထိုကြောင့် ပဋိပက္ခဖြစ်နေသည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့နှစ်ခုက တာဝန်ရှိသူများအနေဖြင့် ကရင်တစ်မျိုးသားလုံး၏ မျက်နှာကိုထောက်ရှု၍ အချင်းချင်းရန်မူတိုက်ခိုက်မှုများ အဆုံးသတ်ကြရန်လည်း မေတ္တာရပ်ခံထားသည်။

တနင်္သာရီတိုင်းအတွင်းနေ ကရင်ပြည်သူများကလည်း နှစ်ဘက်ခေါင်းဆောင်များ အမြန်ဆုံး‌တွေ့ဆုံဆွေးနွေးကြရန် ယခုလအတွင်း နှစ်ကြိမ်တိုင်တိုင် တောင်းဆိုထားသည်။

ထို့အတူ ပြည်ပရောက် ကရင်အဖွဲ့အစည်း ၄၆ ဖွဲ့ကလည်း ကရင်ပြည်သူများ၏ တောင်းဆိုချက်ကို ထောက်ခံထုတ်ပြန်ထားသည်။