ကော့သောင်း ဝိုင်ဒင်းရွာတိုက်ပွဲကြောင့် ဒေသခံ ၁၀၀ ကျော် ထိုင်းဘက်တိမ်းရှောင်

0
2777

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ် ဝိုင်ဒင်းရွာအနီး ဖေဖော်ဝါရီလ ၂၁ ရက် နေ့လယ်ပိုင်းမှစ၍ ဖြစ်ပွားခဲ့သည့် ပြင်းထန်တိုက်ပွဲကြောင့် ဒေသခံ ၁၀၀ ကျော် ထိုင်းနိုင်ငံရနောင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြကြောင်း ရနောင်းပြန်ကြားရေးစာမျက်နှာတွင် ယနေ့ ဖော်ပြထားသည်။

ဝိုင်ဒင်းရွာအနီးတွင် ကော်သူးလေတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်များ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နေ့လယ်ပိုင်းမှစ၍ ညဘက်အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဖော်ပြထားသည်။

ဝိုင်ဒင်းရွာတွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလည်း ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်သံများကို ထိုင်းနိုင်ငံ ရနောင်းခရိုင် ကရဘူရီနယ်စပ်တွင်ပင် ကြားနေခဲ့ရပြီး တစ်ချို့နေရာများတွင် အထင်းသား မြင်တွေ့နေခဲ့ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ကလေးငယ်များမှအစ သက်ကြီးရွယ်အိုများအထိပါဝင်နေသော ဒေသခံ ၁၁၀ ခန့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပြီး ထိုင်း-မြန်မာနယ်စပ် ကရဘူရီချောင်းကို ဖြတ်ကာ ရနောင်းခရိုင် ကရဘူရီဒေသရှိ ဆီအုန်းခြံဘက်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြကြောင်း ဖော်ပြထားသည်။

စစ်ဘေးရှောင်လာသူ ၆၀ ခန့်ကို ပါကရဒေသနှင့် ကျန်စစ်ရှောင် ၅၀ ခန့်ကို ဝိုင်းဒန်ဒေသများတွင် အုပ်စုနှစ်ခုခွဲ လက်ခံထားပြီး ၎င်းတို့ကို အမှတ် ၂၅ ထိုင်းခြေမြန်တပ်ရင်းနှင့် နယ်ခြားစောင့်တပ်များမှ လူသားခြင်းစာနာမှု အထောက်အပံ့များပေးထားခဲ့ကြောင်း ဖော်ပြထားသည်။

ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်ရှိ ဝိုင်ဒင်းကျေးရွာ၊ အေးမြမင်္ဂလာကျေးရွာနှင့် တပ်ဦးမြိုင်သာယာကျေးရွာများကို ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ တပ်ရင်း၊ KNU၊ ကော်သူးလေတပ်မတော် ပူးပေါင်းအဖွဲ့များက ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

Ref: สำนักประชาสัมพันธ์เขต 5 กรมประชาสัมพันธ์