ထားဝယ်တွင် သီဟိုဠ်စေ့ ဈေးကောင်းနေ

0
2489

ထားဝယ်သီဟိုဠ်ဈေးကွက်တွင် ယခုနှစ်ရာသီအဖွင့်ဈေးမှာ ယခင်နှစ်ထက် ထက်ဝက်ခန့် စျေးပိုပေးဝယ်ယူနေရသည်ဟု ထားဝယ်မြို့ပေါ်ရှိသီဟိုဠ်စေ့လုပ်ငန်း လုပ်ကိုင်သူအချို့ထံမှသိရသည်။

ယခင်နှစ်ဖေဖော်ဝါရီလရာသီအစတွင် သီဟိုဠ်စေ့ တစ်ပိဿာကို ကျပ် နှစ်ထောင့်ငါးရာဝန်းကျင်ကစပြီး ဈေးဖွင့်ဝယ်ရာမှ ယခုနှစ်ဖေဖော်ဝါရီ ပထမပတ်တွင် တစ်ပိဿာ ကျပ်လေးထောင်ကနေ ဖေဖော်ဝါရီ တတိယပတ်တွင် တစ်ပိဿာကျပ်ငါးထောင်နီးပါး ဈေးပေး၍ ဝယ်ယူနေကြသည်ဟု ‌ထားဝယ်မြိုမှ သီဟိုဠ်စေ့ လုပ်ငန်းလုပ်သူတစ်ဦးကပြောသည်။

“ပစ္စည်းကနည်းတယ် ဝယ်လိုအားကများတော့ ဈေးကွက်သဘောရဒီလိုပါပဲ”ဟု ၎င်းကပြောသည်။

ထားဝယ်ခရိုင်တွင်ယခင်နှစ်က ဒီဇင်ဘာလနှင့် ဇန်နဝါရီလ တွင် အချိန်ခါမဟုတ်မိုးရွာခြင်းနှင့် နှင်းခါးထိခြင်းကြောင့် သီဟိုဠ် ဝတ်ဆံပျက်စီးခဲ့ပြီး အထွက်နည်းသော်လည်း ယခုနှစ်မှာမူ ယခင်နှစ်ထက် အထွက်ပိုများကြောင်း လောင်းလုံးမြို့နယ်ရှိ သီဟိုဠ်ခြံပိုင်ရှင်တစ်ဦးကပြောသည်။

“ဒီနှစ်ကရာသီမှန်တယ် မနစ်ကထက်အသီးများတယ်”ဟု ၎င်းကပြောသည်။

သီဟိုဠ်အထွက်များသော်လည်း ဈေးကွက်ထဲသို့ ပုံမှန်ဝင်ရောက်လာခြင်း မရှိသေးကြောင်း အထက်ပါလုပ်ငန်းရှင်များက ပြောသည်။

“အထွက်များတဲ့ ဒေသတွေမှာက တိုက်ပွဲတွေဖြစ်နေတယ်လေ အဲဒါကြောင့်‌ပါ”ဟု သီဟိုဠ်စေ့ အရောင်းဝယ်ပြုလုပ်သူ တစ်ဦးကပြောသည်။

တနင်္သာရီတိုင်းထဲရှိ သီဟိုဠ်အများဆုံးထွက်ရှိသော ပုလောဒေသကို စစ်ကောင်စီကစစ်အုပ်ချုပ်ရေးကြေညာပြီး နောက် နေ့စဉ်နီးပါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားနေသည်။

ထို့အတူထားဝယ်ခရိုင်ထဲရှိ သရက်ချောင်း ၊တောင်ပျောက်တိုက်နယ်များတွင်လည်း မကြာခဏဆိုသလို တိုက်ပွဲများဖြစ်ပွားနေသည့်အတွက်ကြောင့် ၎င်းဒေသများမှထွက်သည့် ပစ္စည်းများ ယခုနှစ်တွင် ပုံမှန်ထက် သိသိသာသာ အဝင်နည်းနေကြောင်း အထက်ပါလုပ်ငန်း လုပ်ကိုင်သူများထံမှသိရသည်။

ယခုနှစ် သီဟိုဠ်စေ့အထွက်များသော်လည်း တိုင်းထဲရှိ တိုက်ပွဲဖြစ်ပွားရာဒေသများက ထုတ်ကုန်များ လမ်းကြောင်းများ ပိတ်ဆို့နေခြင်းကြောင်း ထားဝယ်ဈေးကွက်ထဲသို့ ပုံမှန်ထက် ပစ္စည်းဝင်ရောက်မှု နည်းပါးနေခြင်းဖြစ်ကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူများ၏ ပြောကြားချက်အရသိရသည်။