စိတ်ချမ်းမမြေ့ဖွယ် ဘုရားဖူးခရီး

0
2690
ပုံစာ - ဘုရားရင်ပြင်တော်မှသည် တောင်အောက်သို့ အမှိုက်ပစ်ရန် စီစဉ်ထားပုံ

နာမည်ကျော် ရှင်ကိုးရှင်ပါ ကလိန်အောင် ဆံတော်ရှင် စေတီတော်ကြီးနှင့် ၁၀ ပေခန့် အကွာတွင် အမှိုက်ပုံရှိနေသည်။

ဘုရားဖူးများက စည်းကမ်းမဲ့ ပစ်ထားသည့် အမှိုက်ပုံမဟုတ်။ စေတီတော်ကြီးကို စောင့်ရှောက်သည်ဟု ဆိုသော ဂေါပက အဖွဲ့က အမှိုက်ပစ်ရန် သတ်မှတ်ထားသော အမှိုက်ပုံ၊ အမှိုက်ပစ်ရာ နေရာကြီးဖြစ်သည်။

ဂေါပကတို့၏ စနစ်တကျ စီစဉ်ထားချက်အရဆိုလျှင် အမှိုက်တို့သည် စေတီတို့၏ ရင်ပြင်မှ အောက်ဖက်ရှိတောအုပ်အတွင်း၊ သစ်ပင်များအတွင်းသို့ ရောက်သွားမည်ဖြစ်ကာ တနေရာရာတွင် စုပုံနေမည်ဖြစ်သည်။ ထို့နောက်တွင်တော့ အမှိုက်များသည် မည်သို့ဖြစ်သွားမည်မသိပါ။ စာရေးသူမှာ ခဏတာ ဘုရားဖူးတစ်ဦးသာ။

ပုံစာ – ဘုရားရင်ပြင်တော်မှသည် တောင်အောက်သို့ အမှိုက်ပစ်ရန် စီစဉ်ထားပုံ

အမှိုက်များကို ထိုသို့ ပြီးစလွယ် မစွန့်ပစ်သင့်သည်မှာ ယနေ့ကာလတွင် ကလေးများကပင် သိနေသော ကိစ္စဖြစ်ပါသည်။

အမှိုက်ဆိုသည်မှာ တနေရာတွင် အသုံးမဝင်တော့သည့် အသုံးမလိုတော့သည်အရာများ စွန့်ပစ်ထားသည့် ပစ္စည်းများပင်။

ထိုသို့သော အမှိုက်များကို ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီတော် အနီးတွင် ပြီးစလွယ် စွန့်ပစ်ခွင့်ပြုထားသည်မှာ မသင့်တော်သည့် လုပ်ရပ်မျိုးဖြစ်သလို ဂေါပက အဖွဲ့ဝင်များ၏ တွေးခေါ်ပုံ၊ စီမံခန့်ခွဲပုံကို မေးခွန်းထုတ်ဖွယ်ရာလည်း ဖြစ်နေသည်။ စေတီတော်သို့ ဘုရားဖူးလာရောက်သော ဘုရားဖူး ဧည့်သည်များအတွက်လည်း ဤ အမှိုက်ပုံကြီးက စိတ်မချမ်းမြေ့စရာ၊ မသင့်တော်လှသော အရာကြီးဖြစ်နေမည်ဖြစ်သည်။

ထိုအမှိုက်များတွင် ပလပ်စတစ်များ၊ ပန်းများ နှင့် အခြားသော အရာများ ရောနှောနေပြီး စေတီတော်၏ အနီးတွင်၊ အများပြည်သူ ဘုရားဖူးရာ၊ စိတ်အပန်းဖြေရာနေရာတွင် စွန့်ပစ်ခွင့် ပြုနေသည်မှာလည်း တကယ်တော့ လုံးဝ မသင့်တော်သော အရာများ ဖြစ်သည်။ ထိုမျှမကသေး ထိုသို့သော အမှိုက်စွန့်ပစ်မှုကြောင့် စေတီတော်ကြီး ဝန်းကျင်ရှိ သဘာဝ ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေမည် ဖြစ်သည့်အပြင် ပူးပြင်းသောကာလတွင် မီးဘေး အန္တရာယ်ပါ ဖြစ်နိုင်ချေ အလားအလာရှိနေသည်။

ထို့ကြောင့် အမှိုက်ပစ်ရာ နေရာကို ပြောင်းလဲ၍ ဘုရားဖူးများနှင့် သဘာဝဝန်းကျင်ကို မထိခိုက်ရအောင် စနစ်တကျတွေးတော၍ ကောင်းမွန်သော အမှိုက်စီမံခန့်ခွဲသော စနစ်မျိုးရှိလာရမည်ဖြစ်သည်။

တကယ်တော့ အချို့သော နေရာများတွင် အမှိုက်များကို ထိုသို့ ပြီးစလွယ် ပစ်ဖို့ မပြောနှင့် အမှိုက်ပုံထဲသို့ ပစ်မည် ဆိုလျှင်ပင် အမှိုက်ကိုသေချာခွဲခြား၍ ပစ်ရသည့် စနစ်မျိုးကို ကျင့်သုံးနေသည်မှာ ကြာပြီ။

ပလပ်စတစ်သည် ဆွေးမြေ့ချိန်ကြာကာ၊ သဘာဝဝန်းကျင်အတွက် မကောင်း၊ သို့ရာတွင် ပြန်သုံးနိုင်သော ပလပ်စတစ်မျိုးရှိသည်။ ဘုရားပန်းများ၊ အမွှေးတိုင်ရိုးများမှာ သာမန်အာဖြင့် ဆွေးမြေ့လွယ်ကာ သဘာဝ ဝန်းကျင်ကို ဆိုးကျိုးသိပ်မပေးသည့်အရာများ။ ဘုရားဖူးများ ယူလာတတ်သော အချိုရည် ဖန်ပုလင်း အချို့မှာ ပြန်သုံးနိုင်သည်။ ဤသို့သော အမျိုးအစားများကိုခွဲခြား၍ စွန့်ပစ်စေသည့် စနစ်မျိုးပင် လုပ်နိုင်သည်။

ပုံစာ – ဘုရားရင်ပြင်တော်မှသည် တောင်အောက်သို့ အမှိုက်ပစ်ရန် စီစဉ်ထားပုံ

နောက်စိတ်မချမ်းမြေ့ဖွယ်ရာတစ်ခုမှာ စေတီတော်၏ ရင်ပြင်တွင် ဟင်းလင်းပြင်နေရာများ မရှိသလောက်ရှိဖြစ်သွားပြီး တန်ဆောင်းများ၊ အဆောက်အအုံများ မလိုအပ်ဘဲတိုးလာခြင်းဖြစ်သည်။ တကယ်တော့ ဟင်းလင်းပြင် နေရာများသည် အများပြည်သူ ဘုရားဖူးများ အဆီးအတားမရှိ လွတ်လပ်စွာ စုဝေး နိုင်သော နေရာများဖြစ်သည့်အပြင် တရားပွဲများ၊ အကျွေးအမွေး အလှူအတန်းများအတွက် နေရာကောင်းများ ဖြစ်သည်။

ဤသို့ အရေးပါသည့်ဘာသာရေးဆိုင်ရာ ၊ ရိုးရာဓလေ့ဆိုင်ရာ အခမ်းအနားများအတွက် ဟင်းလင်းပြင်များကို စနစ်တကျ မထိန်းသိမ်းဘဲ နေရာလွတ်မကျန် အဆောက်အအုံများ ဆောက်နေသည်မှာ မသင့်တော်သည့် လုပ်ရပ်ဖြစ်ပါသည်။

စေတီတော်ရင်ပြင်၏ အစ ဈေးဆိုင်တန်းများရှိသည့် ဟင်းလင်းပြင်နေရာတွင် တန်ဆောင်း အသစ်ကြီး ဆောက်လိုက်သည်မှာ အတော်ပင်လွဲချော်သည့် လုပ်ရပ်ဟု မြင်မိပါသည်။ တောင်ထိပ်တွင် အဆောက်အအုံများစွာဆောက်ခြင်းကြောင့် အောက်ခံမြေလွှာ၏ ခံနိုင်အားကို ဖိအားများစေကာ မြေပြိုသည့် အန္တရာယ်ပင် ဖြစ်စေနိုင်ပါသည်။

တကယ်တော့ ဟင်းလင်းပြင်ကွက်လပ်နေရာမှာ မီးဘေး အန္တရာယ်၊ ငလျင်ဘေး ကဲ့သို့သော အရေးကိစ္စများ ကြုံလာလျှင် အလွန်အသုံးဝင်နိုင်သော နေရာများဖြစ်သည့်အတွက် မြို့ပြအချို့တွင် ဟင်းလင်းပြင် ကွက်လပ်များကို စနစ်တကျ ထည့်သွင်းတည်ဆောက်ကာ ထိန်းသိမ်းထားသည့် နေရာများဖြစ်သည်။

အထက်ဖော်ပြပါ ဖြစ်ရပ်နှစ်ခုကို ဆင်ခြင်ကြည့်သော အခါတွင် စီမံခန့်ခွဲမှု အလွဲများ ပိုမိုပေါ်လွင်ပါသည်။ အမှိုက်ပုံနှင့် အမှိုက်ပစ်စနစ်မှာ သက်ဆိုင်ရာသူများအနေဖြင့် ချက်ချင်း ပြန်လည် စဉ်းစားကာ ပြုပြင်ရမည့် ကိစ္စဖြစ်သလို ရေရှည်ကို မျှော်ကာ ကောင်းမွန်သော စနစ်ဖြစ်လာရန် လိုအပ်သော ငွေကြေးများ သုံး၍ လုပ်ဆောင်ရမည့် ကိစ္စရပ်ဖြစ်သည်။

တတ်နိုင်လျှင် အမှိုက်ခွဲခြားစွန့်ပစ်သော စနစ်မျိုးအတွက်လိုအပ်သည်များ၊ အမှိုက်သိမ်းသူများ နှင့် အမှိုက်မများစေရေး ပညာပေး အစီအစဉ်များအတွက် ဘဏ္ဍာရေးအားဖြည့်ကာ အင်တိုက် အားတိုက် ရေရှည်လုပ်ဆောင်ရမည်ဖြစ်သည်။

တဖက်တွင်မူ စေတီတော်၏ ပရဝုဏ် နေရာကွက်လပ် ဟင်းလင်းပြင်တိုင်းတွင် မလိုအပ်ဘဲ အဆောက်အအုံများ ဆောက်နေခြင်းသည် မလိုအပ်သော နေရာတွင် ငွေကြေးကိုသုံးမိနေခြင်းမျိုး ဖြစ်နေနိုင်ပါသည်။ မတော်လျှင် စေတီတော်တည်ရှိရာ တောင်ထိပ်၏ အလှအပ နှင့် မြေလွှာကိုပင် ပျက်စီးစေကာ မြေပြိုသည့် အန္တရာယ်မျိုးကို ဖိတ်ခေါ်သလိုမျိုး ဖြစ်နိုင်ပါသည်။

အချုပ်ဆိုရလျှင် စေတီတော်ကြီးနှင့် ပတ်သက်သည့် ကိစ္စ အဝဝကို ဆုံးဖြတ်ခွင့် ရနေသူများ အနေဖြင့် မသင့်တော်လှသည့် ကိစ္စရပ်များကို ဉာဏ်အမြော်အမြင်ရှိစွာဖြင့် ပြုပြင်ပြောင်းလဲကာ မိမိတို့ ဒေသ၏ အထွတ်အမြတ်ထားရာ စေတီတော်ကြီး အရှည်တည့်တံ့၍ အများပြည်သူ စိတ်ချမ်းမြေ့ လုံခြုံ ဘေးကင်းစွာ ဖူးမြော်ကြည်ညို နိုင်ရေး အလေးထားလုပ်ဆောင်စေလိုပါကြောင်း တိုက်တွန်းအပ်ပါသည်။

စန္ဒိမာ