ဓာတ်မြေဩဇာတစ်အိတ် ကျပ်တစ်သိန်းကျော်အထိ မြင့်တက်လာ၍ တောင်သူများအခက်တွေ့

0
2512

ဓာတ်မြေဩစာတစ်အိတ် ကျပ်တစ်သိန်းကျော်အထိရောက်ရှိလာသဖြင့် ဝယ်ယူအသုံးပြုရန် အခက်အခဲဖြစ်နေကြောင်း ထားဝယ်မြို့ရှိ တောင်သူများကဆိုသည်။

လတ်တလောတွင် ထားဝယ်ဒေသရှိ လယ်သမားများ အများဆုံးသုံးပြုလေ့ရှိကြသည့် သုံးမျိုးစပ် ဓာတ်မြေဩဇာတစ်အိတ်လျှင် ၁၀၅၀၀၀ ကျပ်၊ မြင်းတံဆိပ်တစ်အိတ်လျှင် ၁၁၀၅၀၀ ကျပ်၊ မြှားကမ္ဘာ တစ်အိတ်လျှင် ၇၅၀၀၀ ကျပ် ဈေးပေါက်နေကြောင်း ထားဝယ်မြို့ရှိ ဓာတ်မြေဩဇာ အရောင်းဆိုင်ပိုင်ရှင် တစ်ဦးကပြောသည်။

အာဏာမသိမ်းခင်ကမူ မြှားကမ္ဘာတစ်အိတ်လျှင် ၂၅၀၀၀ ကျပ်ဝန်းကျင်သာပေးရပြီး သုံးမျိုးစပ်တစ်အိတ်လျှင်လည်း ၄၀၀၀၀ ကျပ်ဝန်းကျင်သာ ဝယ်ယူရကြောင်း လယ်သမားအချို့ကဆိုသည်။

“ဓာတ်‌ေမြသြဇာ‌‌ဈေးက တစ်ခါမှမကြားဖူးတဲ့ ဈေးဖြစ်နေတော့ ဝယ်ထားရမလား။ မဝယ်ရဘူးလား တွေဝေနေရတယ်” ဟု လောင်းလုံးမြို့နယ်မှ လယ်သမားတစ်ဦးဖြစ်သူ ဒေါ်အင်ကြူကဆိုသည်။

ထားဝယ်ဒေသတွင် မိုးဦးမကျမီ လယ်ယာလုပ်ငန်းအတွက် မျိုးစပါးနှင့် ဓာတ်မြေဩဇာကို ကြိုတင်ဝယ်ယူ စုဆောင်းထားလေ့ရှိသည်။

လယ်လုပ်ချိန်နီးကပ်လာပါက ဓာတ်မြေဩဇာဈေး ထပ်တက်လာနိုင်ကြောင်း အရောင်းဆိုင်ပိုင်ရှင် တစ်ဦးကဆိုသည်။

ပစ္စည်းမှာယူရခက်ခဲခြင်း၊ မူရင်းဝယ်ယူရသည့်ဈေးနုန်းကပင် မြင့်တက်နေခြင်းတို့ကြောင့် ဒေသအတွင်း ဓာတ်မြေဩဇာဈေး မြင့်တက်နေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ခရီးစရိတ်ကအစ အစစအရာရာ ဈေးတက်နေတာဆိုတော့ ဓာတ်မြေဩဇာလည်း ဈေးတက်လာတာပေါ့” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း လယ်စလုပ်သည့်အချိန် မေလတွင် ဓာတ်မြေဩဇာဈေးနုန်း မြင့်တက်လာခဲ့ဖူးကြောင်း လယ်သမားအချို့ကဆိုသည်။

“မနှစ်ကအကြောင်းပြောမယ်ဆိုရင် လင်မယားချင်းတောင် ကွဲရမယ့်အထိဖြစ်သေးတယ်။ (ဇနီးဖြစ်သူက) ဓာတ်မြေဩဇာ ကြိုဝယ်ထားခိုင်းတာကို မဝယ်ဘဲ လယ်လုပ်ခါနီးမှသွားဝယ်တော့ ပိုက်ဆံသုံးလေးသိန်းလောက် နာသွားလို့လေ” ဟု ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာမှ လယ်သမားတစ်ဦးကဆိုသည်။

ယခုနှစ်တွင်လည်း လယ်စလုပ်ချိန် မေလခန့်တွင် ဓာတ်မြေဩဇာဈေးတက်လာနိုင်သဖြင့် စပါးဈေးကောင်းနေသည့် ယခုအချိန် ထုတ်ရောင်းပြီး ဓာတ်မြေဩဇာဝယ်ယူရန် စီစဉ်နေသူများလည်းရှိသည်။

“စပါးဈေးကောင်းရတယ်ဆိုလည်း အလကားပါပဲ။ အခုဓာတ်မြေဩဇာဈေးနဲ့တွက်ကြည့်မယ်ဆိုရင်လေ” ဟုထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်က လယ်သမားတစ်ဦးကဆိုသည်။

ယင်းအပြင်စက်သုံးဆီဈေးနူန်းမှာလည်း အာဏာသိမ်းပြီးကတည်းက တောက်လျှောက်မြင့်တက်လျက်ရှိသည်။

အာဏာမသိမ်ခင်က စက်သုံးဆီတစ်လီလျှင် ကျပ်ရာဂဏန်းတွင်သာရှိသော်လည်း အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်တွင် တစ်လီတာ ကျပ်တစ်ထောင်ကျော်အထိဖြစ်လာသည်။ ယခု ၂၀၂၃ တွင်မူ တစ်လီတာ ၂၆၀၀ ကျပ်အထိ ဈေးမြင့်တက်လာခဲ့သည်။