ဝယ်ရလွယ်ပြီး စျေးပေါလာတဲ့ မူးယစ်ဆေး

0
4056

တနင်္သာရီတိုင်းတွင် မူးယစ်ဆေးသုံးသူ အလွန်ပေါများလာနေသည်။ WY စိတ်ကြွဆေးပြားနှင့် ရေခဲဟုခေါ်သည့် Ice တို့မှာ ဝယ်ယူရ အလွန်လွယ်ကူလာသည်။

ယင်းကြောင့်ပင် ဆေးသုံးသူများမှာ နေရာအနှံ့တွေ့လာနေရသည်။

အာဏာမသိမ်းမီအချိန်က WY စိတ်ကြွဆေးတစ်ပြားလျှင် ၂၅၀၀ ကျပ်ဈေးရှိခဲ့ပြီး အာဏာသိမ်းပြီးနောက် ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ် ရှိ‌တော့သလို ဝယ်ယူရလည်း လွယ်ကူလာသည်။

ကျွန်းစုမြို့နယ်အတွင်းရှိ ပင်လယ်ကျေးရွာတို့တွင် ဆေးတစ်ပြား ၅၀၀ ကျပ်သာရှိသည်။ သို့သော် သက်ဆိုင်ရာတို့မှ ဖမ်းဆီးရမိသည့်အချိန်တွင် ဆေးတစ်ပြားလျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် သတ်မှတ်လေ့ရှိသည်။

ဒေသခံပြည်သူ့ကာကွယ်ရေး အဖွဲ့များက မကြာခဏ ဝင်ဖမ်းလေ့ရှိသည်မှအပ မူးယစ်ဆေးရောင်းသူများကို ဖမ်းဆီးသူမရှိပေ။

ယင်းကြောင့်ပင် ဆေးများကို အလွယ်တကူဝယ်နိုင်သလို ဖမ်းဆီးမှုနည်၍ စျေးလည်းပေါလာခြင်းဖြစ်သည်။

ယင်းအခြေအနေများကို သိရှိနိုင်ရန် ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် မေးမြန်းဖော်ပြအပ်ပါသည်။

“အခုက ငါးထောင်ဖိုးလောက်ဝယ်တာနဲ့တင် သုံးလို့အဆင်ပြေနေပြီ”

DW ။ လူငယ် တွေကြားထဲမှာမူးယစ်ဆေးပျံနှံမှု အခြေအနေဘယ်လိုရှိလဲ။

ဖြေ ။ အရင်ကထက်ပိုပေါလာတယ်။ ဈေးကချိုလာတယ်။ ဖမ်းဆီးမှုတွေရှိမနေဘူးဆိုတဲ့ အခါကျတော့ ပြောရမယ်ဆိုရင် လွတ်လွတ်လပ်လပ် သုံးစွဲကြတာမျိုးဖြစ်လာတာပေါ့။

DW ။ ဈေးချိုတယ်ဆိုတော့ အရင်နဲ့အခုအခြေနေဘယ်လိုရှိလဲ။

ဖြေ ။ အရင်က wy တစ်လုံးကို လေးထောင် ငါးထောင်ပေးရတယ်။ အခုချိန်မှာ တစ်ထောင် နှစ်ထောင်ပဲရှိတော့တယ်။ အိုက်စ်မူးယစ်ဆေးတွေဆိုရင် အရင်က နှစ်သောင်းသုံးသောင်းဖိုးလောက်ဝယ်မှ သုံးလို့ရတာမျိုးပေါ့နော်။ အခုက ငါးထောင်ဖိုးလောက်ဝယ်တာနဲ့တင် သုံးလို့အဆင်ပြေနေပြီ။ အရင်က ရှားသလောက်ခုချိန်မှာတော့ အိုက်စ်မူးယစ်ဆေးက တော်တော်ပေါပေါများများ ရနေတဲ့ အခြေနေမှာ ရှိလာတယ်ပေါ့။

DW ။ ဘယ်လိုလူမျိုးတွေက ဘယ်လိုလမ်းကြောင်းကနေ ဖြန့်ဖြူးရောင်းချကြတာလဲ။

ဖြေ ။ အချင်းချင်းဆက်သွယ် ရောင်းချကြတာမျိုးရှိသလို လူကြီးပိုင်းကလည်းပဲ ဖြန့်ဖြူးရောင်းချကြပါတယ်။ တချို့ပိုင်ရာဆိုင်ရာတွေလဲပါတယ်။ တစ်ချို့အရပ်သားတွေကလည်း စီးပွားဖြစ်လုပ်ကိုင်ကြတာရှိတယ်။

DW ။ အခုချိန်မှာ မူးယစ်ဆေးဝါးတွေက အလွယ်တကူရရှိနိုင်တဲ့ အခြေနေမျိုးမှာရှိနေလား။

ဖြေ ။ အခုချိန်မှာရှာရလွယ်ကူတယ်။ အဓိကတော့ ဖမ်းဆီးမှုနည်းပါးလာတာကြောင့်ပါ။ အခုက စစ်ဆေးရေး‌ဂိတ်တွေမှာပဲ ဖမ်းတာဆီးတာမျိုးပဲရှိတယ်။ အရင်ကလိုအိမ်တွေမှာ ဝင်စီးရှာဖွေတာမျိုးတွေ မရှိသလောက်ပါပဲ။ သယ်ယူနိုင်တဲ့လမ်းကြောင်းတွေကလည်း ချောမွေ့နေတဲ့သဘောရှိနေတော့ ပစ္စည်းတွေက ပိုပြီးပေါများလာတာပေါ့နော်။

DW ။ အရင်ကဆို ခိုးကြောင်ခိုးဝှက်သုံးစွဲရတာမျိုး ရှိတာပေါ့နော်။ အခုက ဘယ်လိုမျိုးအခြေနေရှိလဲ။

ဖြေ ။ လွတ်လွပ်လပ်သုံးစွဲလို့ရနေတယ်လို့ပြောလို့ရမှာပေါ့။ wy တင်မဟုတ်ဘဲ အိုက်စ် မူးယစ်ဆေးတွေအထိ ပေါ်ပေါ်တင်တင် သုံးစွဲလာကြတယ်။ အရင်က ဆေးသုံးတော့မယ်ဆိုရင် လုံခြုံတဲ့နေရာတစ်ခုရှာရတယ်။ အခုက အဲဒီလိုမဟုတ်တော့ပဲနဲ့ တွေ့တဲ့နေရာမှာ အလွယ်တကူ သုံးစွဲလို့ရနေတဲ့အနေထားပေါ့နော်။

DW ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ မူးယစ်ရဲတပ်ဖွဲ့တွေကနေ ဝင်ဖမ်းတာမျိုးတွေ ရှိသေးလား။ အရင်ကနဲ့စာရင် ဘယ်လိုအခြေနေရှိလဲ။

ဖြေ ။ မူးယစ်ရဲတပ်ဖွဲ့တွေအနေနဲ့ ဖမ်းတာစီးတာတွေ ကြားရနည်းသွားတယ်။ ဒါပေမဲ့ PDF အဖွဲ့တွေအနေနဲ့ မူးယစ်ဆေး၊ ယင်းချသုံးစွဲသူတွေကို မကြာခဏဝင်ဖမ်းတာမျိုးတွေတော့ မကြာခဏဖြစ်လာတယ်။

DW ။ ပေါများလာတယ်ဆိုတဲ့ ဒီလိုအခြေနေမှာ လူငယ်တွေအနေနဲ့ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေ ဖြစ်သွားမလဲ။

ဖြေ ။ သုံးသပ်ရမယ်ဆိုရင် ဒီလိုမျိုးပေါများနေတာက လူငယ်ထုအတွက် မကောင်းဘူး။ အလွန်အကျွံဖြစ်လာပြီ လုံးဝစွဲသွားပြီဆိုရင် ခိုးမှုဓါးမြမှုတွေလည်း ပိုများလာမယ်ပေါ့နော်။

DW ။ စိတ်ကြွမူးယစ်ဆေးအမျိုးအစားတွေက မြေပြင်မှာ ဘယ်နှစ်မျိုးလောက်ရှိလဲ။

ဖြေ ။ အများဆုံးသုံးစွဲကြတာက WY တံဆိပ်ပေါ့နော်။ နောက်ပြီး R တံဆိပ်တွေလည်းရှိတယ်။ အရောင်တွေအနေနဲ့ဆိုရင် ချော့ကလက်ရောင်တွေ ပန်းနုရောင်တွေ အရောင်အမျိုးမျိုးရှိတယ်။ Rဆိုတာကလည်း WY အမျိုးစားထဲမှပဲပါတယ်။ အရည်အသွေး အဆင့်အတန်း ခွဲခြားသတ်မှတ်ထားတာ မျိုးတွေပေါ့။

DW ။ ဘယ်မူးယစ်ဆေးတံဆိပ်က လူငယ်တွေကြားရေပန်းစားသုံးစွဲကြလဲ။ ဘာကြောင့်လဲ။

ဖြေ ။ ဒါကတော့ တိတိကျကျပြောလို့မရဘူး တစ်ယောက်နဲ့တစ်ယောက် ခံစားမှုချင်းကလည်း တူချင်မှတူလိမ့်မယ်ပေါ့နော်။ သုံးစွဲထားတဲ့အခြေနေမှာဆိုရင် တစ်ခုခုလုပ်နေရတာမျိုးကို ကြိုက်တာရှိသလို အလည်အပတ်သွားတာမျိုး ကြိုက်တာမျိုးလည်းရှိမှာပေါ့။ လူတစ်ယောက်ရဲ့ စိတ်ခံစားမှုလိုက်ပြီး ကွာခြားသွားတာမျိုးပေါ့နော်။

DW ။ မူးယစ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးနဲ့ပတ်သက်ပြီး သိသလောက်ပြောပြပါလား။ လူငယ်တွေကို ဘယ်လို အသိပညာပေးပြောပြချင်လဲ။

ဖြေ ။ လူငယ် တစ်ယောက်အနေနဲ့ ကြိုက်တာသိပေမဲ့ ဆက်မလုပ်စေချင်ဘူး။ ကိုယ်ရဲ့အနာဂတ် ရည်မှန်းချက်ပန်းတိုင်တွေ ပျက်စီးနိုင်တယ်။ စွဲသွားပြီဆိုရင် အနာဂတ်ကပျောက်ပြီ။ လူငယ်တစ်ယောက်က တက်လမ်းတွေအများကြီးရှိတယ်။ ဒီမူးယစ်ဆေးသုံးစွဲပြီး ဒီသံသရာထဲမှာပဲ လည်နေမယ်ဆိုရင် ကိုယ်ရဲ့အနာဂတ်တွေပျောက်သွားလိမ့်မယ်ပေါ့နော်။အဲဒါကြောင့် ဘယ်သူကိုမှာ ဒီမူးယစ်ဆေးကို မသုံးစွဲစေချင်ဘူးပေါ့နော်။

DW ။ ဒီမူးယစ်ဆေးသုံးဘူးသူ တစ်ယောက်အနေနဲ့ ရုန်းထွက်လို့မရအောင်စွဲလန်းရတဲ့ အခြေအနေလေးတစ်ခုရှိရင် ပြောပြပါလား။

ဖြေ ။ ဆေးအရှိန်ကျတဲ့အချိန်ပေါ့။ ခံစားရတယ်။ကိုယ်တွေလက်တွေကိုက်ခဲတယ်။ သုံးစွဲထားတဲ့ အရှိန်ကျချိန်ပေါ့။ ဘာမှမလုပ်ချင်ဘူး။ အဲဒီအချိန်မှာ ဒါကိုပဲဆက်သုံးလိုက်ရတယ်ဆို ပိုပြီးလန်းဆန်း တက်ကြွလာသလို ခံစားရတယ်ပေါ့နော်။ အဲဒါနဲပဲ အရှိန်ကျရင်ပြန်တင် ပြန်တင်နဲ့ပဲ ရုန်းထွက်မရနိုင်ပဲ ဖြစ်သွားတာပေါ့။ အရှိန်ကျပြီဆိုရင်တော့ ပြင်းပြင်းထန်ထန်ခံစားရတယ်။ ခံစားရတဲ့ဒဏ်ကို မခံနိုင်တော့ ဆက်သုံးတယ် အဲလိုနဲ့ပဲ ထပ်ခါထပ်ခါဖြစ်သွားတာပေါ့။

DW ။ ကျေးဇူးတင်ပါတယ်။

“သိတောင်မသိဘဲနဲ့ လူမျက်နာကြည့်ပြီး ယူမလားလို့ မေးတာမျိုးရှိတယ်”

အင်းလေးမြိုင်ရပ်ကွက်နေ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦး

DW ။ အခုဆိုရင် WY စိတ်ကြွဆေးပြားက လူငယ်တွေကြားမှာ ဘာကြောင့် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာနေရတာလဲ။

ဖြေ ။ အဓိကက ဈေးနှုန်းကြောင့်ပဲ၊ ဆေးတစ်ပြားမှ တစ်ထောင်၊ တစ်ထောင်ငါးရာပဲ ပင်လယ်ဘက်တွေမှာဆိုရင် တစ်ပြားကို ၅၀၀ အထိ ဈေးကျသွားတာ၊ ဈေးလည်းကျတယ်။ ပိုပြီးလည်း သုံးလာကြတယ်။ ပင်လယ်ဘက်မှာဆို သုံးမှသုံးပဲ၊ ဆိုတော့ အပေါင်းအသင်းတွေနဲ့ စမ်းသုံးရင်း အသုံးများလာကြတာ၊ အသုံးများတော့ ကျယ်ပြန့်လာတာပေါ့။

DW ။ ဈေးနှုန်းက အရမ်းသင့်နေတာဆိုတော့ ဝယ်လိုရော အဆင်ပြေရဲ့လား။

ဖြေ ။ လွယ်မှလွယ်ပဲ၊ ဆိုင်ကယ်ဂိတ်(တက္ကစီ)တွေမှာ ရှာလို့ လွယ်တယ်။ အရင်ကဆို ကန်ခေါင်း သိန္ဓိအောင်ကျောင်းလမ်းမှာဆို ဆေးရောင်းသမားတွေ တအားပေါတာ၊ အခုတော့ မရှိတော့ဘူး။ ရပ်ကွက်ထဲမှာ ပိုများလာတယ်။ တချို့ဆို သိတောင်မသိဘဲနဲ့ လူမျက်နာကြည့်ပြီး ယူမလားလို့ မေးတာမျိုးရှိတယ်။ အဲလောက်ကို ပေါလာတာ။

DW ။ အခုက တစ်ထောင်၊ တစ်ထောင်ငါးရာပဲဆိုတော့ အရင်ကရော ဘယ်ဈေးရှိလဲ။

ဖြေ ။ အရင်တုန်းက အရင်ကဆိုရင် ဆယ်နှစ်လောက်တုန်းကပေါ့ တစ်ပြားကို ၇၀၀၀၊ ၈၀၀၀ အမြင့်ဆုံးပဲ၊ အဲတုန်းက ကြေးပြားတတ်နိုင်တဲ့သူတွေပဲ သုံးကြတာ၊ နောက်တော့ ၅၀၀၀ ကျပ်၊ ၅၀၀၀ ကျပ်ပြီးတော့ ၃၀၀၀၊ ၂၅၀၀ ဖြစ်လာတယ်၊ ၂၅၀၀ စဖြစ်ကတည်း လူတွေစပြီး အသုံးများလာတယ်။ ဝယ်လို့လည်းလွယ်လာတယ်။ ဆေးအာနိသင်လည်းကောင်းတာ၊ တစ်ရက်ကို ၅၀၀၀၊ ၁၀၀၀၀ ဆေးနှစ်ပြား၊ လေးပြားအထိ သုံးကြတယ်။

DW ။ ဆေးတစ်ပြား တစ်ထောင် တစ်ထောင်ငါးရာက ဘယ်တုန်းက စဖြစ်တာလဲ။

‌ဖြေ ။ ဆေးတစ်ပြား ၂၅၀၀ စဖြစ်တော့ တိုင်စီဂိတ်(အငှားယာဉ်ဂိတ်)မှာ ပေါ်ပေါ်ထင်ထင် ရောင်းဝယ်နေကြတာ ငါးနှစ်လောက်ရှိနေပြီ၊ အခုထိ ရောင်းဝယ်နေတုန်းပေါ့ နဂိုကတည်းက ပေါနေတာ။ တိုင်းပြည်အပြောင်းအလဲ ဖြစ်ပြီးတော့ ပိုပြီးတော့ ပေါလာတယ်၊ တစ်ထောင်ဈေးဖြစ်တာ အဲသည်မှာ စတာပဲ၊ ကုန်ဈေးနှုန်းတွေ ဈေးတက်ချိန် မြင်း(WY)က ဈေးမတက်တဲ့အပြင် ထပ်ပြီးတော့‌ကို ကျသွားတာကိုး။

DW ။ WY ကို မြင်းလို့ပြောတာ ဆိုတော့ အခြားအခေါ်အဝေါ် ဘာတွေရှိဦးမလဲ။

ဖြေ ။ အမျိုးမျိုးပဲ၊ မြင်းက အများခေါ်ကြတာ၊ ရော်ကဲ၊ စားသီးလို့ ခေါ်တာလည်းရှိတယ်။

DW ။ ကိုယ်တိုင်က ဆေးသုံးနေတာဆိုတော့ ဘာကြောင့် စသုံးဖြစ်တာလဲ။

ဖြေ ။ ဒီလိုပါပဲ အရင်က အရက်ပဲသောက်ဖြစ်တာ၊ မြင်းဈေး ၂၅၀၀ ဖြစ်ကတည်းက စမ်းသုံးရင်းနဲ့ သုံးတတ်သွားတာ။ အခုတော့ မြင်းရော အရက်ပါ ချတာပဲ၊ အလုပ်ကလည်း ကျပန်းပဲဆိုတော့ မြင်းရှုဖို့ ကြေးပြားမရှိရင် ပြန်ရောင်းတာမျိုး လုပ်တယ်။

DW ။ ဘယ်လိုပြန်ရောင်းတာမျိုးလဲ၊ အမြတ်အစွန်းကရော ဘယ်လိုရသလဲ။

ဖြေ ။ ဆေးတစ်ပြား ၂၅၀၀ ဆိုရင် ၂၀၀၀ ဈေးနဲ့ယူပြီး ရောင်းတယ်။ တစ်ထောင်ဈေးကျတော့ ယူတာက ငါးရာ ခုနှစ်ရာ၊ ခြောက်ရာနဲ့ယူရတယ် ဒီဈေးက ပတ်လည်ပြေးနေတာ၊ အမြဲယူနေတဲ့ နေရာ၊ ပုံမှန်ယူနေကြပေါ့ ဒီလိုပုံမှန်ယူနေရင် ယူတဲ့အခေါက်တိုင်း ငွေပေးနိုင်မယ်ဆိုရင် ငါးရာဈေးအထိချပေးတယ်။ ပစ္စည်းလည်း လိုသလောက်ပြောရတယ်၊ တစ်ခါတစ်လေမှ သွားယူတဲ့နေရာမှာဆိုရင် ခုနှစ်ရာပေးရတာ ပြန်ရောင်းရင် တစ်ထောင်အတိနဲ့ ရောင်းတာပေါ့။

DW ။ မြင်းသုံးတဲ့အပြင် ရောင်းတာဆိုတော့ ဖမ်းမိတာမျိုး ကြုံဖူးလား။

ဖြေ ။ ကြုံဖူးတယ်၊ ဝင်ဖမ်းတာ လက်ထဲပစ္စည်းမတွေ့တော့ ပြောဆိုဆုံးမပြီး ပြတ်လွတ်ပေးလိုက်တာ၊ ဂိတ်မှာဆို တစ်နှစ်ထဲမှာ ဝင်ဖမ်းတာ ငါးကြိမ်လောက်ရှိမယ်၊ ဖမ်းတာက မူးယစ်၊ တပ်ရောပါတယ်၊ ဖမ်းပြီး ငွေပေးနိုင်တဲ့သူတွေကို ပြန်လွှတ်ပေးနေတာ ခဏခဏပဲ တစ်ယောက်တည်း သုံးခါလောက်ဖမ်းမိရင် မလွှတ်ပေးတော့ဘူး တရားစွဲ၊ ထောင်ချတာပဲ၊ အခုဆို ဂိတ်မှာ ထောင်ကျတဲ့သူ ၃ ဦးရှိပြီ၊ ဖမ်းတာများလို့ ဆေးရောင်းတဲ့သူ သိပ်မရှိတော့ဘူး၊ အရင်လို ပေါ်ပေါ်ထင်ထင် မရောင်းတော့ဘူး၊ ခဏခဏ ဝင်ဖမ်းနေတာကိုး၊ ပေါ်ပေါ်ထင်ထင် မဟုတ်ပေမယ့် ရောင်းနေတာတော့ ရှိနေတုန်းပဲ။

DW ။ ဆေးသုံးတာ ဘယ်သူတွေ အသုံးများပါသလဲ။

ဖြေ ။ သုံးတဲ့သူ အများစုက လူငယ်‌‌တွေများတယ် အသက် ၁၃၊ ၁၄  လူငယ်တက်စတွေပေါ့၊ တစ်ရက်တစ်ရက်ကို သူတို့တွေဝယ်ရင် အနည်းဆုံးတစ်ပြားကနေ သုံးပြားအထိ လာဝယ်တာမျိုးတောင် ရှိတယ်။ ပုံမှန် သုံးနေကျသူတွေက ၅ ထောင်ဖိုး၊ တစ်သောင်းဖိုး အဲလိုဝယ်ကြတာ၊ အချို့ဆို ကျောင်းပြေးပြီး ဝိုင်းရှုတာမျိုးလည်း ရှိတာပဲ၊ ညဘက် ဂဏန်းချေးပုန်းကောက်တဲ့သူတွေဆို တော်တော်များ သုံးကြတယ်၊ ‌ဆေးသုံးမှ မအိပ်ဘဲနဲ့ ဂဏန်းကောက်နိုင်ကြမှာကိုး။

DW ။ ကိုယ်တိုင်က ဆေးသုံးတာဆိုတော့ ဆေးဖြတ်ဖို့ စိတ်ကူးမိတာမျိုး ရှိပါသလား။

ဖြေ ။ ရှိပါတယ်၊ နေ့တိုင်းမသုံးဘူး၊ ဘာကြောင့်ဆိုတော့ မြင်းဈေး တစ်ထောင်ဖြစ်ကတည်းက မြင်းပုပ်(အာနိသင်မရှိ)တွေ ပေါလာတယ်၊ ရှုပြီးဘာမှမထူးတာ၊ ကြေးပြားကုန်တာပဲ အဖတ်တင်တယ်။ ‌ဒီတော့ အရက်ပဲဖိသောက်လိုက်တယ်။ ဆေးမသုံးရလည်း နေနိုင်သွားသလိုဖြစ်သွားတာကိုး အခုတော့ ဆေးမပြတ် တပြတ်နဲ့ အရက်ဂျိုးဖြစ်နေပြီ။

DW ။ အခြားဖြည့်စွတ်ပြောချင်တာများ ရှိပါသလား။

ဖြေ ။ အခုခေတ်က မြင်းရှုတာရော၊ ရေခဲ(ICE)တွေ တအားပေါလာနေတယ်။ ရေခဲဆို ငါးထောင်ဖိုးဝယ်လို့ရနေတယ်။ မြင်းမကောင်းရင် ရေခဲနဲ့ ရောချတာမျိုးတွေ လုပ်လာနေပြီ၊ လိုင်းပူးပြီး ကြောင်သွားတဲ့သူ တော်တော်များများလာတယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“ကိုယ့်သားသမီး မူးယစ်ဆေးမသုံးအောင် သေချာကြပ်မတ်ဆုံးမဖို့လိုတာ”

မြိတ်တောင်ရပ်နေ အသက် ၆၀ နှစ်ရှိ အမျိုးသမီးတစ်ဦး။

DW ။ အခုဆိုရင် လူငယ်‌တွေကြားထဲမှာမူးယစ်ဆေး အသုံးများလာနေတဲ့အချိန်မှာ မိဘရှင်တစ်ယောက်အနေနဲ့ ကိုယ့်သားသမီးတွေအပေါ်မှာ ဘယ်လိုစိုးရိမ်မှုမျိုး ရှိပါသလဲ။

ဖြေ ။ စိုးရိမ်တာက ဟိုးဘက်ကမ်းလွန်ပဲ၊ သားသုံးယောက်မှာ နှစ်ယောက်က နယ်ဝေးမှာ အိမ်ထောင်နဲ့နေကြတာ၊ အငယ်ဆုံးတစ်ယောက်က အိမ်မှာနေတယ်။ အသက် ၂၀ ကျော်ပြီ၊ အရွယ်ရောက်လာတော့ အလုပ်လုပ်ပြီး ရတဲ့ငွေ အိမ်ကိုပေးတယ်။ လူငယ်တွေကြားအလုပ်လုပ်တာဆိုတော့ မူးယစ်ဆေးမသုံးမိအောင် အကြိမ်ကြိမ် အသိပေးဆုံးမနေရတာ အာပေါက်တဲ့အထိပဲ။

DW ။ မိဘတွေ ပြောဆိုဆုံးမတဲ့အပေါ်မှာရော လိုက်နာမှုရှိရဲ့လား။

ဖြေ ။ အစက နားထောင်တယ်။ အလုပ်ကရတဲ့ငွေ အိမ်ကိုပေးတယ်။ နောက်တော့ အပေါင်းအသင်းတွေနဲ့ ဆေးစသုံးတာပဲ၊ သူ့ကို မုန့်ဖိုးပြန်ပေးတဲ့ ငါးရာ၊ တစ်ထောင်နဲ့ ဝိုင်းစုပြီး ဆေးဝယ်သုံးကြတာ၊ ဆေးသုံးမှန်းသိတော့ ဆုံးမတာပဲ၊ မရဘူး၊ လက်မခံဘူး၊ သူလုပ်ချင်ရာ လုပ်တော့တာပဲ။

DW ။ ဘယ်လို မူးယစ်ဆေးသုံးတာလဲ။

ဖြေ ။ မြင်းရှုတာ၊ သူငယ်ချင်း‌တွေဝိုင်းစုပြီး ရှုကြတာ၊ ရှုတဲ့နေရာသိလို့ သူများချေးယောင်(အိမ်သာ)အောက်မကျန် လိုက်ရှာဖူးတယ်။

DW ။ ဆေးသုံးပြီးနောက်ရော အလုပ်ဆက်လုပ်သေးရဲ့လား။ ဘယ်လို အခြေအနေရှိပါသလဲ။

ဖြေ ။ ဆေးသုံးပြီးဆိုရင် ပြောဆိုဆုံးမလို့ မရဘူး။ နားမထောင်ဘူး။ ပြန်ပြော ပြန်ဆဲတာ တစ်ခါတစ်လေ အိမ်မှာရှိတဲ့ပစ္စည်းတွေ ထုရိုက်တာ‌တွေတောင် လုပ်လိုက်သေးတယ်။ အလုပ်လည်း ကောင်းကောင်းမလုပ်တော့ဘူး ငွေလိုရင် အမြဲတောင်းတယ်။ သားတစ်ယောက်တည်းရှိတာဆိုတော့ ဆေးသုံးမှန်းသိလည်း ပေးဖြစ်တာပဲ။ မပေးရင် သူများပစ္စည်းခိုးတာ၊ သွားလုတာတွေ ဖြစ်လာမှာစိုးလို့ ပေးဖြစ်တာ။

DW ။ အခုရော ဆေးဆက်သုံးနေတုန်းပဲလား။

ဖြေ ။ အခုက မရှိတော့ဘူး၊ မူးယစ်ဆေးအမှုနဲ့ ထောင်ကျသွားပြီ။ ထောင်ကျသွားလည်း မနေရဘူး။ ထောင်ဝင်စာပို့တာ၊ ‌ကြေးပြားပို့ပေးတာတွေ တစ်ပတ်တိုင်း လုပ်ပေးနေရတုန်းပဲ။

DW ။ အခြားပြောချင်တာများ ရှိပါသလား။

ဖြေ ။ အခုခေတ် လူငယ်တော်တော်များများ ဆေးသုံးကြတာပဲ။ အိမ်လမ်းထဲမှာဆို ဆေးမသုံးတဲ့သူ ခတ်ရှားရှားပဲ၊ ကိုယ့်သားသမီး မူးယစ်ဆေးမသုံးအောင် သေချာကြပ်မတ်ဆုံးမဖို့လိုတာ၊ နောက်မဟုတ်ရင် ‌ဆေးသမားဖြစ်ဖို့ များတယ်၊ ဆေးကလည်း ပေါမှပေါပဲ။

DW ။ ကျေးဇူးတင်ပါတယ်။

“ရောင်းတဲ့သူကရွာထဲမှာပဲရှိတာလေ လွယ်လွယ်ဝယ်လို့ရနေတာပေါ့ ”

လောင်းလုံးဒေသခံ ဥယျာဉ်ခြံတောင်သူတစ်ဦး

DW ။ မူးယစ်းဆေးဝါးသုံးစွဲတဲ့သူတွေ မြင်ရသေးလား။

ဖြေ ။ ရှိနေတာပဲ။ ခါတိုင်းလိုပဲပေါ့။ ကယ်တွေနဲ့ အုပ်စုနဲ့ ခြံတွေဘက်ကိုသွားနေကြတာ နေ့တိုင်းပဲ။

DW ။ ဥယျာဉ်ခြံထဲဝင်တဲ့သူ‌တွေကို အန္တရာယ်ပြုတာမျိုးတွေရှိလား။

ဖြေ ။ အခုတော့သိမ်မရှိတော့ဘူး။ ဒါပေမဲ့ကြောက်နေရတာပေါ့ကိုယ်က။ သူတို့က အထဲမှာဆေးရှုနေတယ်ဆိုရင် အပြင်မှာတစ်ယောက်ကစောင့်နေတာ။ လူသွားလမ်း( ဥယျာဉ်ခြံထဲသွားတဲ့လမ်း) ထက်မှာဆိုင်ကယ်ထောင်ပြီး ထိုင်လိုက်၊ အိပ်လိုက်၊ သီချင်းနားထောင်လိုက်ပုံစံနဲ့ စောင့်ပေးနေတာ။ လူလာပြီဆိုရင် စိုက်စိုက်ကြည့်တယ်။ သူတို့နဲ့မသိတဲ့သူပဲဖြစ်ဖြစ် ဒီရွာသားမဟုတ်ဘူးဆိုရင် အဲလိုစိုက်စိုက်ပြီးကြည့်တာ။ ခြံထဲမှာ တောခုတ်မလို့ နေ့စားတွေငှားပြီးဝင်တာတောင် သတိထားနေရတယ်။ ပထမနေ့ဆိုရင်‌။ နောက်သုံးလေးရက်ဆိုရင်တော့ သူတို့လည်း သိသွားလို့နေမယ် သိပ်ပြီးလိုက်မကြည့်တော့ဘူး။

DW ။ တစ်ချို့နေရာတွေမှာ မူယစ်ဆေးတွေကို လွယ်လွယ်ဝယ်လို့ရနေကြတယ် ပြောသံကြားရတယ်။ ဦးတို့ဖက်မှာရော ဘယ်လိုအခြေအနေရှိလဲ။

ဖြေ ။ ရောင်းတဲ့သူကရွာထဲမှာပဲရှိတာလေ။ လွယ်လွယ်ဝယ်လို့ရနေတာပေါ့။ သူတို့ကိုဆို(မူးယစ်ဆေးရောင်းနေတဲ့သူ) တည့်တည့်တောင်မကြည့်ရဲဘူး။ တော်ကြာ ဘာစပ်စုနေတာလဲဆိုပြီး ကိုယ့်ကိုတစ်ခုခု လုပ်လိုက်မှာကြောက်လို့။ အခုခေတ်က လူတစ်ယောက်ကို သတ်တာကြက်ကလေး ငှက်ကလေးသတ်တာ‌ထက်တောင် လွယ်တဲ့ခေတ်ကြီးလေ။ သူတို့မှာကလည်း လက်နက်တွေနဲ့ဆိုတော့ ကိုယ့်ကို အဲလိုမျိူး တစ်ခုခုလုပ်လိုက်မှာကြောက်နေရတယ်။

DW ။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ၊ စစ်ကောင်စီကရော မူးယစ်ဆေးတွေဖမ်းဆီးနေတဲ့ သတင်းတွေကြားရတယ်။ ဦးတို့ဘက်မှာရော အဲလိုမျိုး ဖမ်းတာဆီးတာတွေကြားမိသေးလား။

ဖြေ ။ ဟိုးအရင် တစ်နှစ်လောက်တုန်းကတော့ ကြားရတယ်။ မူယစ်ဆေးသုံးတဲ့သူတွေကို စစ်တပ်က ဖမ်းသွားတယ်ဆိုပြီး။ သုံးလေးယောက်ပါသွားတယ်အဲဒီတုန်းက။ အခုပြန်လွတ်လာကြပြီ။ သိပ်တောင်မကြာဘူး ပြန်လွတ်လာတာ။ တစ်နှစ်တောင်မပြည့်ဘူးထင်တယ်။ နောက်တစ်ယောက်ရှိသေးတယ် သူကတော့ ပြန်မလွတ်သေးဘူး။ တစ်နှစ်ကျော်ပြီ။ ထောင်ထဲမှာ။ သူ့တို့အိမ်က ထောင်မှာသွားသွားတွေ့နေတယ်။

DW ။ အခုပြောနေတဲ့ ဖမ်းမိတယ်ပြန်လွတ်တယ်။ နောက်တစ်ယောက်က ထောင်ထဲမှာဆိုတဲ့သူတွေက မူး‌ယစ်ဆေးရောင်းတဲ့သူလား၊ သုံးစွဲတဲ့သူလား။

ဖြေ ။ ပြန်လွတ်လာတဲ့သူကတော့ ခြံထဲမှာဝင်ဝိုင်းတာ ဆေးရှုနေတာနဲ့တွေ့လို့ဖမ်းသွားတာလို့ပြောတယ်။ နောက်တစ်ယောက်ကတော့ သူက ရောင်းလည်းရောင်းတယ်ပြောသံကြားရတယ်။ ဟိုးအရင်ကတည်းက ရောင်းနေတဲ့သူတွေရှိတယ်။ အဲဒီလူတွေတော့ အခုထိတစ်ခါမှ ဖမ်းခံရတယ်မကြားရဘူး။

DW ။ မူးယစ်ဆေးသုံးစွဲတဲ့သူတွေနဲ့ပတ်သက်ပြီး စိုးရိမ်နေရတာမျိူးရှိလား။

ဖြေ ။ ကိုယ့်သားသမီးတွေ အဲလိုဖြစ်သွားမှာကိုတော့ စိတ်ပူတယ်။ လမ်းမှားသွားမှာကိုလေ။ အခုက ကျောင်းကလည်းမနေရတော့ သူငယ်ချင်းတွေနဲ့လျှောက်သွားနေတာဆိုတော့လေ။ လူကလည်း လူပျိုပေါက်လေးကလည်းဖြစ်လာပြီးဆိုတော့ ပိုပြီး စိတ်ပူနေရတယ်။ အခုက မူယစ်ဆေးသုံးတဲ့သူတွေကလည်း သားဂန်းဟှား( လူငယ်လေး) တွေပဲမြင်မြင်နေရတာ။ ဆေးကလည်း လွယ်လွယ်ရ။ ရောင်းတဲ့သူတွေက ပထမတော့ အလကားပေးပြီး စမ်းကြည့်ပါလား လုပ်တတ်တယ်လေ။ အဲလိုဆွယ်ခံရမှာကြောက်တာ။ ကိုယ်က မျက်စိဒေါက်ထောက် လိုက်ကြည့်နေနိုင်တာ မဟုတ်ဘူးလေ။

DW ။ မူယစ်ဆေးရောင်းတဲ့သူတွေက အဲလိုဆွယ်လေ့ရှိလား။

ဖြေ ။ ဆွယ်မှာပေါ့။ အခုက လူငယ်တွေက ထိုင်းကိုသွားကြပြီလေ။ သူတို့ရောင်းရဖို့ ရှိတဲ့လူဆွယ်မှာပေါ့။ ထန်းရည်ခါးတိုက်မယ်။ ဆေးလိပ်တိုက်မယ်။ ပြီးရင် ဒါလေးစမ်းကြည့်ဆိုပြီး ခိုင်းမယ်။ အဲကနေပြီး သုံးတတ်သွားရင် စွဲသွားပြီလေ။ စွဲသွားပြီဆိုရင် ဆေးဝယ်ဖို့ ပိုက်ဆံလိုလာပြီ။ အဲဆိုသူတို့က ဆေးတွေပို့ခိုင်းမယ် ပိုက်ဆံပေးပြီး။ တစ်ခါတစ်လေ အိမ်က ကလေးလက်ထဲမှာ ပိုက်ဆံတွေမြင်ရင် ‌လိုက်လိုက်မေးနေရတယ်။ ဘယ်ကရလဲ။ ဘယ်သူပေးတာလဲဆိုပြီး။ အဲလိုမျိုးတွေဖြစ်မှာကြောက်လို့။ နောက်ဆိုရင် အဲကနေပဲ ဆေးသမားဖြစ်သွားတာ။ တစ်ချို့မိဘတွေကတောင် အားပေးတဲ့သူတွေရှိတယ်။ ပိုက်ဆံရကောင်းတာဆိုတော့ မိဘတွေကပါ လိုတူလိုပါဖြစ်လာကြတယ်။ အရင်တုန်းကလို ဖမ်းမယ့်ဆီးမယ့်သူကလည်းမရှိတာလဲပါတာပေါ့။ ပိုက်ဆံလွယ်လွယ်ရတော့ မိဘတွေကပါ ပါလာကြတယ်။

DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ ။ အရင်တုန်းက(အာဏာမသိမ်းခင်ကဆိုလို) မူယစ်ဆေးရောင်းတာတွေ သိပ်မရှိတော့ဘူး။ နည်းသွားတယ်။ လုံးဝမရှိတာတော့မဟုတ်ဘူး နဲသွားတယ်။ ရှိလည်း အခုမျိုး ပေါ်ပေါ်ပေါ်ထင်ထင် မလုပ်ရဲကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုင်လို့ရတယ်လေ။ မူးယစ်ဆေးရောင်းတဲ့သူတွေတိုင်ရင် ဆုပေးမယ်ဆိုပြီး ပြောတာတွေရှိတော့ ကြောက်ကြတာပေါ့။ အခုလဲ အဲလိုမျိုးဖြစ်စေချင်နေတယ်။ မဟုတ်ရင် မူးယစ်ဆေးက ရွာထဲမှာ ကွမ်းယာဆိုင်မှာတောင် ဝယ်လို့ရတဲ့အထိဖြစ်လာလိမ့်မယ်။

DW ။ ကျေးဇူးတင်ပါတယ်။