တိမ်းရှောင်နေသည့် လောင်းလုံး စစ်ပြဲရွာအုပ်ချုပ်ရေးမှူးဟောင်း ပစ်သတ်ခံရ

0
2749

လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်း ဦးသားလေးဆိုသူ ဖေဖော်ဝါရီလ ၉ ရက်က ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

စစ်ပြဲကျေးရွာအုပ်စု စစ်ပြဲအနောက်ပိုင်းဈေးအနီးရှိ ၎င်း၏နေအိမ်တွင်ပင် ညနေ ၄ နာရီခန့်တွင် ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“နာထင်မှာတစ်ချက် သေနတ်ဒဏ်ရာတွေ့တယ်။ ‌ပါးစပ်မှာလည်း တစ်ချက်ထင်တယ်။ သွေးတွေနဲ့ ပေနေတာ ဆိုတော့ သေချာ မမြင်လိုက်ရဘူး” ဟု အလောင်းကို ကိုယ်တိုင်မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။

ဦးသားလေးသည် NLD အစိုးရလက်ထက်က စစ်ပြဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ဆက်မလုပ်တော့ကြောင်း ဒေသခံအချို့က ဆိုသည်။

ပြည်သူ့ကာ‌ကွယ်ရေးအဖွဲ့တစ်ခုက စစ်ကောင်စီနှင့် မပူးပေါင်းရန် သတိပေးပြောဆိုခဲ့ပြီးနောက် ဦးသားလေးမှာ ရွာတွင် မနေတော့ဘဲ တိမ်းရှောင်နေသည်မှာ တစ်နှစ်ခန့်ရှိနေပြီဖြစ်ကြောင်း ၎င်းတို့ကပြောဆိုသည်။

“ဘာဖြစ်လို့ လာသတိပေးတာလဲတော့ မမှတ်မိတော့ဘူး။ ကြာပြီဆိုတော့လေ။ အဲဒီကတည်းက ရွာမှာမနေတော့တာ” ဟု ဦးသားလေးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ယမန်နေ့က ဦးသားလေး၏ တူမဖြစ်သူတစ်ဦး ထားဝယ်မြို့တွင် မင်္ဂလာပွဲကျင်းပပြီးနောက် ဦးသားလေးမှာ စစ်ပြဲကျေးရွာသို့ ရောက်ရှိလာချိန်တွင် ပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“သူရွာကို ရောက်နေတာတောင် မသိကြဘူး။ ညနေ ၄နာရီလောက်မှာ သူတို့အိမ်နားက သေနတ်ပစ်သံ နှစ်ချက် ကြားရတယ်။ ပြီးတာနဲ့ သူတို့အိမ်ကနေ အော်သံတွေကြားရမှ ဦးသားလေး ရွာရောက်နေတာသိတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဦးသားလေးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဦးသားလေးမှာ စစ်ကောင်စီသူလျှို၊ ပျူစောထီးအဖွဲ့ဝင်ဖြစ်ပြီး စစ်ကောင်စီကဖမ်းဆီးသိမ်းဆည်းထားသည့် ဆိုင်ကယ် များကို ရောင်းချခြင်း၊ တက်ကြွလှုပ်ရှားသူများကို သတင်းပေးဖမ်းခိုင်းခြင်း၊ တစ်ခါတရံ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းသွားလာခြင်းတို့ ပြုလုပ်ခဲ့သဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေသခံအချို့ထံ အထက်ပါထုတ်ပြန်ချက်နှင့်ပတ်သတ်ပြီး‌ မေးမြန်းရာ အချို့က ဖော်ပြပါအချက်အချို့အား လုပ်ဆောင်သည်ကို မကြားဖူးကြောင်း ပြောဆိုကြပြီး အချို့က ဖြေဆိုရန်ငြင်းဆန်ကြသည်။

“ကျွန်မတို့က သူ့အကြောင်းလိုက်လေ့လာနေတဲ့သူ မဟုတ်တော့ သေချာတော့ မသိဘူး။ သူတို့ (PDF) တွေကတော့ လေ့လာနေသူတွေဆိုတော့ သိချင်သိမှာပေါ့” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ဦးသားလေး၏ အလောင်းကိုမူ ပစ်ခတ်ခံရသည့်နေ့ကတည်းက ထားဝယ်မြို့သို့သယ်ဆောင်သွားပြီး မည်သည့် နေရာတွင် သင်္ဂြိုဟ်မည်ကိုမူ မသိရသေးကြောင်း ဒေသခံအချို့ကပြောသည်။