စမ်းလှမ်းရွာက အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ တိုက်ခိုက်ခံရပြီးနောက် လောင်းကစားဝိုင်းများရပ်နား

0
3816

အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားဝိုင်းများ၊ ပျော်ပွဲရွှင်ပွဲ၊ ဘာသာရေး‌ပွဲတော်များဖြင့် အမြဲစည်ကားနေလေ့ ရှိသည့် စမ်းလှမ်းရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ဖေဖော်ဝါရီလ ၇ ရက်က တိုက်ခိုက်ခံခဲ့ရသည်။

အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးရဲကလေးဆိုသူနှင့် လောင်းကစားဝိုင်းကန်ထရိုက်တာတစ်ဦးဖြစ်သူ ဦးသားကြီး (ခေါ်) သူရစိုး တို့ လိုက်ပါလာသည့် သုံးဘီးကားကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

လောင်းလုံး-စမ်းလှမ်းရွာသွား လမ်းပိုင်းတစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

စမ်းလှမ်းကျေးရွာသို့ ဘုရားပင့်ပြီးပြီးပြန်လာချိန် ပျူးစောထီးခေါင်းဆောင်လိုက်ပါလာသော ရှေ့ပြေးသုံးဘီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေကိုမူမသိရသေးကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဒေသခံအချို့အား ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက် မေးမြန်းစဉ် ဦးရဲကလေးနှင့် ဦးသူရစိုးတို့အပါအဝင် ဘုရားပင့်အဖွဲ့ တိုက်ခိုက်ခံရသည်မှာ မှန်ကန်သော်လည်း သေဆုံးခြင်းမရှိကြောင်း ပြောဆိုသည်။

“သေတော့ မသေဘူး။ ရွာမှာရှိနေတုန်းပဲ။ သူတို့နှစ်ယောက်လုံး အခုဆိုဘယ်မှ မသွားရဲတော့ဘူး” ဟု ၎င်းတို့နှစ်ဦးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ တိုက်ခိုက်ခံရပြီးနောက် ရက်ရှည်ပြုလုပ်နေသည့် လောင်းကစားဝိုင်းကို ရပ်နားလိုက်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ဇာတ်ပွဲက သုံးညရှိတယ်။ တစ်ညပဲ ပွဲကရသေးတယ်။ ‌ဆက်မလုပ်တော့ဘူး။ နားပစ်လိုက်တယ်။ ကစားဝိုင်းလည်း နားထားတယ်” ဟု အထက်ပါနီးစပ်သူက ပြောဆိုသည်။

အာဏာသိမ်းပြီး‌နောက်ပိုင်း လောင်းလုံးမြို့နယ်ရှိ ကျေးရွာအားလုံးနီးပါးတွင် ပျော်ပွဲ၊ ရွှင်ပွဲများ၊ မင်္ဂလာဆောင်များ၊ ဘာ‌သာရေးပွဲတော်များကို စည်းစည်းကားကားကျင်းခြင်း မရှိတော့သော်လည်း စမ်းလှမ်းကျေးရွာတွင်မူ ပြောင်းပြန်ဖြစ်နေကြောင်း ဒေသခံအချို့ကဆိုသည်။

“အခုခေတ်အခြေအနေနဲ့ဆိုရင် စမ်းလှမ်းက နတ်ပြည်ဖြစ်နေတယ်။ ကေတီဗီတွေ၊ ပွဲတွေ၊ လမ်းတွေနဲ့ ကစားဝိုင်းကလည်း ရှိနေတာဆိုတော့ အမြဲတမ်းကိုစည်ကားနေတာ” ဟု ရေလုပ်သားတစ်ဦးက ပြောသည်။

စမ်းလှမ်းကျေးရွာသည် ရေလုပ်ငန်းဖြင့် အသက်မွေးသည့် ကျေးရွာတစ်ရွာဖြစ်ပြီး လောင်းလုံးမြို့၏အ‌နောက်ဘက် ၄ မိုင်ခန့် အကွာတွင်ရှိသည်။

စမ်းလှမ်းရွာအဝင် တောင်ထိပ်တစ်နေရာတွင် Mytel ဟု ယူဆရသည့် ဆက်သွယ်ရေးတာဝါတိုင်ကို စောင့်ကြပ် နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်နှင့်ချီမှာ အမြဲတမ်းတပ်စွဲထားလေ့ရှိသည်။

“စမ်းလှမ်းသွားရင် အဲဒီတောင်ထိပ်မှာစောင့်နေတဲ့ စစ်သားတွေက ပိုက်ဆံမ‌ပေးဘဲ အရက်ဝယ်ခိုင်းတာမျိုးတွေ လုပ်လေ့ရှိတယ်” ဟု စမ်းလှမ်းရွာသို့ အမြဲဝင်ထွက်သွားလာနေသူတစ်ဦးက ပြောသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးရဲကလေးနှင့် လောင်းကစားဝိုင်းကန်ထရိုက်တာ ဦးသူရစိုးတို့မှာ စမ်းလှမ်းဒေသခံများ မဟုတ်ကြကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဦးရဲကလေးမှာ လောင်းလုံးမြို့မရဲစခန်း နံဘေးတွင်နေထိုင်သူဖြစ်ပြီး ဦးသူရစိုးမှာ ညောင်ပင်ကြီးလမ်းဆုံတွင် နေထိုင်သူဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“စမ်းလှမ်းမှာ စီးပွားရေး လာလုပ်ရင်းနဲ့ ဒီမှာအခြေကျသွားတာ။ သားကြီး (ဦးသူရစိုး) အရင်က ဆိုင်ကယ်တက္ကစီဆွဲတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ယင်းအပြင် ဦးသူရစိုးမှာ ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်ကာလက NLD ပါတီမဲဆွယ်ခရီးစဉ်များတွင် တက်တက်ကြွကြွ ပါဝင်မဲဆွယ်ပေးခဲ့သူဖြစ်ပြီး အာဏာသိမ်း‌ပြီးနောက် စစ်ကောင်စီနှင့်ပူးပေါင်းကာ စမ်းလှမ်းရွာတွင် စီးပွားရေး လုပ်ကိုင်ခဲ့ကြောင်း ၎င်းနှင့် ရင်းနှီးသူတစ်ဦးက ပြောသည်။

ဦးရဲသားလေးမှာ ရေလုပ်သားများထံ ငွေကြေးတောင်းခံခြင်း၊ လောင်းကစားဝိုင်းမှ ရငွေတို့ဖြင့် ဝင်ငွေဖြောင့်သူ တစ်ဦးဖြစ်လာပြီး စမ်းလှမ်းရွာသို့ အလုပ်လုပ်ကိုင်ရန် လာရောက်သည့် အခြားရွာမှ ရေလုပ်သမားတို့ကိုလည်း အခကြေးငွေဖြင့် ထောက်ခံစာရေးပေးလေ့ရှိသူဖြစ်ကြောင်း ရေလုပ်သားတစ်ဦးက ပြောဆိုသည်။

“သူတို့နှစ်ယောက်စလုံးက ရွှေတွဲလဲ၊ ငွေတွဲလဲဖြစ်‌နေကြတယ်။ ခေတ်ဆိုးကြီးထဲမှာ ကောင်းစားနေတာလေ” ဟု ၎င်းရေလုပ်သားက ဆိုသည်။

၎င်းတို့နှစ်ဦးသည် လောင်းလုံးမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ကားတစ်စီးတည်းစီးပြီး သွားလာနေ သည်ကိုလည်း မကြာခဏ တွေ့ရလေ့ရှိကြောင်း ဒေသခံအချို့ကဆိုသည်။

လတ်တလော လောင်းကစားဝိုင်းများ ရပ်နားထားသော်လည်း နောက်ပိုင်း ပြန်ပေါ်လာမည်ကို မလိုလားကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။

“အိမ်မှာသာစားဖို့ မရှိဘဲနေမယ်။ ကစားဝိုင်း (လောင်းကစားဝိုင်း) ရောက်ရင်တော့ ပိုက်ဆံတွေအထပ်လိုက်ပဲ။ ဘယ်ကနေ ပေါ်လာမှန်း မသိဘူး။ ကစားဝိုင်းရှိနေတော့ အလုပ်ပျက်တဲ့သူကပျက်၊ ရတဲ့ပိုက်ဆံ လောင်းလို့ကုန်။ ‌ရှုံးရင် မရှိ ရှိတာပေါင်နှံကြ။ မျိုးစုံဖြစ်နေတာ” ဟု ဒေသခံတစ်ဦးက ရွာအခြေအနေကို ရှင်းပြသည်။

ထို့ကြောင့် လောင်းကစားဝိုင်း ကျင်းပနေသည်ကို မလိုလားကြောင်း ၎င်းက ဆိုသည်။