ငါးဖမ်းထွက်သည့် ဝေဒီရွာသားနှစ်ဦး ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးလျက်ပြန်တွေ့

0
2749
ပုံစာ − သေဆုံးသူ ကိုနိုင်အောင်

လှေငယ်တစ်စီးဖြင့် ငါးဖမ်းထွက်သွားသည့် ဝေဒီရွာသား နှစ်ဦးကို ဇန်နဝါရီလ ၂၉ ရက်က သ‌ပြေရှောင်ချောင်းဝတွင် လှေပေါ်၌ သေဆုံးလျက် ပြန်လည်တွေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူများမှာ လောင်းလုံးမြို့နယ် ဝေဒီရွာသားဖြစ်သည့် အသက် ၆၀ ဝန်းကျင်အရွယ် ဦးတင်သန်းဆိုသူနှင့် အသက် ၃၀ ကျော်ဝန်းကျင်အရွယ်ရှိ ကိုနိုင်အောင်ဆိုသူတို့ ဖြစ်သည်။

ဇန်နဝါရီလ ၂၆ ရက်က ထားဝယ်မြစ်ကြောင်းတစ်လျှောက် စက်တပ်လှေငယ်ဖြင့် ငါးဖမ်းထွက်ရာမှ နှစ်ဦးစလုံး ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သုံးရက်ကြာပြီးနောက် မြစ်ကြောင်းအတိုင်း‌ လှေဖြင့် မျောပါနေသည့် အလောင်း နှစ်‌လောင်းကို ဝေဒီရွာနှင့် ၁၀ မိုင်ကျော် ဝေးကွာသည့် သပြေရှောင်ရွာချောင်းဝတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကိုယ်မှာ ခုတ်ထစ်ပြတ်ရှဒဏ်ရာတွေရှိတယ်။ အလောင်းက ပုပ်ပွနေပြီ။ မီးရှို့ထားခဲ့ပုံရတယ်။ လှေနဲ့ အလောင်းမှာ မီးလောင်ထားတာလည်း တွေ့ရတယ်” ၎င်းကပြောသည်။

ဦးတင်သန်းဆိုသူမှာ ထားဝယ်မြစ်ကြောင်းတစ်လျှောက် ကမ်းတားပိုက် (ခေါ်) ချောင်းပိတ်ပိုက်ဖြင့် ငါးဖမ်းကာ တံငါလုပ်ငန်းဖြင့် အသက်မွေးသူဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ထိုနေ့က ပုံမှန်‌ လှေထွက်လိုက်နေကျ နေ့စားသမားကို ခေါ်မရသည့်အတွက် လှေရှင်ဦးတင်သန်းက ကိုနိုင်အောင်ကို အငှားအဖြင့် ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံနောက်တစ်ဦးက ပြောဆိုသည်။

ဦးတင်သန်းမှာ ငါးဖမ်းရာတွင် နေရာဦးခြင်း၊ ငါးမဖမ်းရ တားမြစ်ထားသည့် နေရာတို့တွင် ငါးဝင်ဖမ်းမှုတို့ကြောင့် ပြဿနာ မကြာခဏဖြစ်ဖူးကြောင်း ၎င်းက ဆိုသည်။

သို့သော် ၎င်းတို့နှစ်ဦးစလုံးကို မည်သူတို့က မည်သည့်အ‌ကြောင်းအရင်းကြောင့် သတ်ဖြတ်သွားသည် မသိရသေးပေ။

ထိုရက်ပိုင်းတွင် ထားဝယ်မြစ်ကြောင်းတစ်လျှောက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လှေငယ်များဖြင့် ကင်းလှည့်နေခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

အထက်ပါရွာသား နှစ်ဦးစလုံး၏ ရုပ်အလောင်းတို့ကို ဇန်နဝါရီလ ၂၉ ရက်က နေ့ချင်းမီးသင်္ဂြိုဟ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။