ဘုတ်ပြင်း ပြည်ထောင်စုလမ်းတွင် စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရ

0
2692

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့အနီး ပြည်ထောင်စုလမ်းပေါ်တွင် စစ်ကောင်စီတပ်က ကားတစ်စီး မိုင်းဆွဲခံရကြောင်း ကားသမားများနှင့် ဒေသခံများထံမှ သိရသည်။

ကရသူရိမြို့၊ ဟန်ကပြုကျေးရွာအနီးတွင် ဇန်နဝါရီလ ၃၁ ရက် ညနေ ၅ နာရီဝန်းကျင်က မိုင်းဆွဲခံရခြင်းဖြစ်ကြောင်း
ဒေသခံများက ပြောသည်။

“ဟန်ကပြုရွာနားက တောင်ကုန်းမှာဖြစ်တာ။ ကားက အရပ်သားစီးကားပါ။ စစ်တပ်က ရိက္ခာလာထုတ်တာလို့ သိရတယ်။ ဖြစ်တဲ့နေရာက စစ်တပ်နဲ့လည်း နီးတယ်” ဟု ဘုတ်ပြင်းဒေသခံအမျိုးသားတစ်ဦးက Dawei Watch သို့ ပြောသည်။

မိုင်းဆွဲခံရမှုကြောင့် စစ်ကောင်စီတပ်က အရာရှိတစ်ဦးသေပြီး တစ်ဦးဒဏ်ရာရသည်ဟု သတင်းထွက်နေကြောင်း ဒေသခံများနှင့် ကားသမားများက ဆိုသည်။

“ကျွန်တော်တို့ ဖြတ်လာပြီးမှဖြစ်တာ။ ကားတစီးလုံး မြှောက်တက်သွားတယ်လို့ ပြန်ကြားရတယ်” ဟု မြိတ် – ကော့သောင်းခရီးသည်တင်ယာဉ် ယာဉ်မောင်းတစ်ဦက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခဲသည့် အဖွဲ့ကို မသိရသေးသလို သေဆုံးဒဏ်ရာရှိမှု နှင့် ပတ်သက်၍လည်း Dawei Watch က သီးခြားအတည် မပြုနိုင်သေးပေ။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ပြည်ထောင်စုလမ်းအားပိတ်ခဲ့ပြီး ယနေ့နံနက်တွင် ပြန်လည်ဖွင့်ပေးလိုက်ကြောင်း ကားသမားများက ပြောဆိုသည်။

ဘုတ်ပြင်းပြည်သူ့ကာကွယ်ရေးတပ်များက စစ်ကောင်စီတပ်ကားများအား ဘုတ်ပြင်းပြည်ထောင်စုလမ်း တစ်လျှောက် တွင် မိုင်းဆွဲခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းတို့ဖြင့် မကြခဏ ပြုလုပ်လေ့ရှိသည်။