အသံတိတ်သပိတ်နေ့ မြိတ်တွင် စစ်ကောင်စီက ကာကွယ်ဆေးထိုး ဈေးရောင်း

0
2657
ဓာတ်ပုံ - မြိတ်သတင်း

မြိတ်မြို့တွင် ယနေ့ အသံတိတ်သပိတ်ပြုလုပ်နေစဉ် တစ်ဖက်တွင် စစ်ကောင်စီက ကလေးငယ်များကို ကာကွယ်ဆေး ထိုးခြင်း၊ ဈေးသက်သာစွာဖြင့် ဈေးရောင်းပေးခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း မြို့ခံတို့ထံမှ သိရသည်။

သို့သော်လည်း မြို့ပေါ်တွင် အသွားအလာ တိတ်ဆိတ်နေကြောင်း ၎င်းတို့က ဆိုသည်။

အာဏာသိမ်းမှု ၂နှစ်ပြည့်နေ့ဖြစ်သည့် ယနေ့ ဖေဖော်ဝါရီလ ၁ရက်တွင် မြန်မာနိုင်ငံတဝန်း၌ နံနက် ၁၀ နာရီမှ ညနေ ၃နာရီအထိ အပြင်မထွက်ဘဲ အသံတိတ်သပိတ်ဆင်နွှဲနေကြသလို မြိတ်အပါအဝင် တိုင်းအတွင်းလည်း သပိတ်ဆင်နွှဲ နေကြသည်။

“ဒီနေ့က silent သပိတ်နေ့။ မြို့ထဲက ဆိုင်အချို့တော့ ပိတ်ထားတယ်။ အသွားအလာလည်းနည်းတယ်။ အသံတိတ် သပိတ်လုပ်နေကြတာကိုး။ စစ်ကောင်စီက လူစည်အောင်တော့လုပ်မှာပဲ” ဟု အသက် ၄၀ ကျော်အရွယ် မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

မြိတ်တွင် စစ်ကောင်စီက ရပ်ကွက်အချို့ရှိ အရံမီးသတ်ဓမ္မာရုံတို့တွင် အသက် ၂ လမှ ၂ နှစ်အထိ ကလေးငယ်များ အား ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများပြုလုပ်နေကြောင်း မြို့ခံတို့က ပြောသည်။

နံနက် ၉ နာရီခွဲဝန်းကျင်မှ စတင်ကာ မွန်းလွဲပိုင်းအထိ ကာကွယ်ဆေးထိုးပေးခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“ရပ်ကွက်လူကြီးက ကာကွယ်ဆေးထိုးရမယ်ဆိုလို့ သွားထိုးတာ။ လူသိပ်မရှိဘူး။ ဒီတစ်ခါထူးခြားတာက ဆေးထိုး ဆရာမ (သူနာပြု) တွေ ကိုယ့်ထက်တောင် ကြိုပြီးရောက်နေကြတာ။ အရင်ကဆို စောင့်နေရသေးတယ်” ဟု မြို့ပေါ်ရပ်ကွက်တစ်ခုနေ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ဆေးထိုးခြင်းလုပ်ငန်းအား မြိတ်တောင်နယ်မြေ၊ ကလွင်ကျေးရွာအုပ်စု၊ မြိတ်တောင် ကျေးရွာအုပ်စုအတွင်း တို့ရှိ ရပ်ကွက်တို့တွင် ပြုလုပ်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။

“လူတအားနည်းတယ်။ တစ်ရပ်ကွက်မှာ ရှစ်ယောက်၊ ကိုးယောက်လောက်ပဲ ဆေးလာထိုးကြတာ” ဟု ကလွင်ကျေးရွာအုပ်စုအတွင်းနေ အမျိုးသားတစ်ဦးက ဆိုသည်။

ထို့အပြင် မြိတ်တောင်နယ်မြေ စက်ဝင်းရပ်ကွက်တွင် မြိတ်ဆန်ကုန်သည်၊ ဆီကုန်သည်အသင်းတို့၏ ပံ့ပိုးမှုဖြင့် ဆန်၊ ဆီ စသဖြင့် အခြေခံစားသောက်ကုန်တို့အား စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စည်ပင်ဝန်ထမ်းတို့က ဈေးနှုန်းသက်စွာဖြင့် ရောင်းချပေးနေကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားသည်။

“သွားဝယ်တဲ့သူက ပြောပြတာ။ အပြင်ဈေးနဲ့ သိပ်မကွာဘူးတဲ့။ ကွာလည်း အပြင်မှာပဲ ဝယ်မှာ‌ပေါ့။ ဘာလို့ သွားတိုး ဦးမလဲ။ တော်ကြာ ပေါက်သံကွဲသံတွေထဲ ပါနေဦးမယ်” ဟု မြိတ်တောင်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းသို့ ဈေးရောင်းနေရာတွင် မီးသတ်တပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ လုံခြုံရေးယူထားသဖြင့် စစ်ကောင်စီ၏ ဦးဆောင်မှုဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း မြို့ခံတချို့က ဆိုသည်။

ယင်းသို့ လုပ်ဆောင်နေသော်လည်း ဈေးတို့တွင်သာ လူအနည်းငယ် အသွားအလာရှိနေပြီး မြို့ပေါ်ရှိ ကျန်နေရာများတွင် အသွားအလာမရှိဘဲ တိတ်ဆိတ်နေကြောင်း မြို့ခံတို့က ဆိုသည်။

မြိတ်တွင် ကာကွယ်ဆေးထိုးခြင်းကို ယခင်ကလည်း လုပ်ဆောင်လေ့ရှိပြီး ဆန်ကုန်သည်၊ ဆီကုန်သည် အသင်းတို့ကလည်း ၎င်းတို့ အစီအစဉ်ဖြင့် ဈေးရောင်းချမှုများ ရှိခဲ့သည်။