ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
2820

ယခုအပတ်တွင် ရွှေဈေးနှင့် ထိုင်းဘတ်ဈေးမှာ အတက်ဈေးတွင် အလှုပ်အခတ်နည်းနည်းဖြင့် ငြိမ်နေသည်။

အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ်သောင်းဂဏန်းသာ အတက်အကျရှိပြီး ထိုင်းဘတ်ဈေးမှာ မဆိုစလောက် တက်သွားသည်။

အတက်အကျနည်းသည့် ရွှေဈေး

ပြီးခဲ့သည့်အပတ်က အတက်အကျကြမ်းခဲ့သည့် အခေါက်ရွှေဈေးသည် ယခုအပတ်တွင် အလှုပ်အခတ်နည်းနေသည်။

ဇန်နဝါရီလ ၂၃ ရက်(တနင်္လာနေ့)က အခေါက်ရွှေတစ်ကျပ်သားလျှင် ၂၈ သိန်းဖြင့် ဈေးဖွင့်ခဲ့ပြီး သုံးရက်ဆက်တိုက် အပြောင်းအလဲမရှိ ငြိမ်နေခဲ့သည်။

ယင်းနောက် သောကြာနေ့တွင် တစ်ကျပ်သားလျှင် သုံးသောင်းကျပ် တက်လာခဲ့သည်။

ပြီးခဲ့တဲ့အပတ်က ‌ပြည်တွင်းရွှေဈေးထိန်းညှိရန်ဟုဆိုကာ စစ်ကောင်စီက ရွှေလုပ်ငန်းရှင်များကို ခေါ်ယူပြောဆိုခြင်း၊ ဖမ်းဆီးစစ်ဆေးခြင်းများ လုပ်ဆောင်ပြီးနောက်ပိုင်း ဈေးငြိမ်လာခြင်းဖြစ်သည်။

အတက်ဈေးတွင် ငြိမ်နေသည့်ဘတ်ဈေး

ပြီးခဲ့သည့်အပတ်ကတည်းက အတက်ဈေးတွင် ငြိမ်နေသည့် ထိုင်းဘတ်ငွေဈေးမှာ ယခုအပတ်တွင်လည်း အလှုပ်နည်းနေသည်။

တနင်္လာနေ့ပေါက်ဈေးအရ ထိုင်းငွေတစ်ဘတ်လျှင် ၈၆ ကျပ်နီးပါးရှိခဲ့ပြီး နောက်ရက်များတွင် ပြားစွန်းစွန်းသာ အတက်အကျရှိခဲ့သည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၁၁၆၀ ဘတ် လဲလျှင် မြန်မာငွေကျပ် တစ်သိန်းရမည်ဖြစ်သည်။

ကျပ်ဆယ်ဂဏန်းအတက်အကျရှိသည့် စက်သုံးဆီဈေး

တနင်္သာရီတိုင်း၏ စက်သုံးဆီဈေးမှာ တစ်လီတာလျှင် ၂၃၀၀ ကျပ်စွန်းစွန်းတွင် အပြောင်းအလဲနည်းနည်းဖြင့် ဈေးဖွင့်နေသည်။

92 ဓာတ်ဆီတစ်လီတာလျှင် ၂၃၀၀ ကျပ် မှ ၂၃၇၅ ကျပ်အကြားတွင်သာ အတက်အကျဖြစ်နေခဲ့သည်။

ယခုအပတ် တနင်္လာနေ့ ပေါက်ဈေးအရ တစ်လီတာလျှင် ၂၃၇၅ ကျပ်ရှိခဲ့ပြီး သောကြာနေ့တွင် ၂၃၄၀ ကျပ်ဖြစ်လာခဲ့သည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့်နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၃၅၀ ကျပ်မှ ကျပ် ၃၅၀၀ ကျပ်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

ယခုအပတ်တွင် အလှုပ်အခတ်နည်းနေသည့် ရွှေဈေးမှာ လာမည့်အပတ်တွင် အတက်ဘက်ရောက်လာနိုင်ကြောင်း ခန့်မှန်းရသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့ ကမ္ဘာ့ရွှေပေါက်ဈေးမှာ တစ်အောင်စလျှင် ၁၉၂၈ ဒေါ်လာရှိသည်။

ပြီးခဲ့သည့်အပတ်ကမူ တစ်အောင်စလျှင် ၁၈၂၆ ဒေါ်လာခန့်သာ ပေါက်ဈေးရှိသည်။

လက်ရှိတွင် တရုတ်နှစ်သစ်ကူးကာလလွန်ပြီဖြစ်သည့်အတွက် အရောင်းအဝယ်ပြန်သွက်လာနိုင်ပြီး ပြည်တွင်းရွှေဈေးမှာ လက်ရှိပေါက်ဈေးထက် အနည်းငယ်ပိုလာနိုင်သည်။

ထိုကြောင့် လာမည့်အပတ် ပြည်တွင်းရွှေဈေးမှာ ၂၈ သိန်းစွန်းစွန်းဖြင့် အရောင်းအဝယ်ဆက်ရှိနေမည်ဟု ခန့်မှန်းရသည်။

ထိုင်းဘတ်ဈေးလည်း လာမည့်အပတ်တွင် လက်ရှိပေါက်ဈေးအတိုင်း အပြောင်းအလဲနည်းနည်းဖြင့် ဆက်ရှိနေမည်ဟု သုံးသပ်ရသည်။

ယခုအပတ် ထိုင်းဘတ်ငွေ ပေါက်ဈေးမှာ တစ်ဘတ်လျှင် ၈၆ ကျပ် ဝန်းကျင်ရှိနေပြီး အတက်အကျ ကြီးကြီးမားမား ဖြစ်မည့် အလားအလာမရှိနိုင်ပေ။

ပြည်တွင်းစက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် နိုင်ငံရေးအခြေအနေအပေါ် မူတည်နေသည်။

လက်ရှိကမ္ဘာ့ရေနံပေါက်ဈေးမှာ ငြိမ်နေပြီး ဒေါ်လာငွေလဲနှုန်းလည်း အလှုပ်အခတ်နည်းနေသည်။

လက်ရှိတွင် အမေရိကန်တစ်ဒေါ်လာလျှင် ၂၈၆၅ ကျပ် ဝန်းကျင် ဈေးပေါက်နေသည်။

ထိုကြောင့် လာမည့်အပတ်တွင် ပြည်တွင်းစက်သုံးဆီဈေးမှာ လက်ရှိနှုန်းထားဖြစ်သည့် တစ်လီတာလျှင် ၂၃၀၀ ကျပ်စွန်းစွန်းဖြင့် ဈေးဖွင့်နေမည်ဟု ခန့်မှန်းရသည်။