ပုလောရှပ်ပုံရွာတွင် နေအိမ်လေးလုံး မီးရှို့ခံရ၊ ရွာသားအချို့ကိုလည်းဖမ်းဆီးထား

0
3199

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ ရှပ်ပုံရွာတွင် လေးရက်အတွင်း နေအိမ်လေးလုံး မီးလောင်ပျက်စီးပြီး ရွာသားအချို့လည်း ဖမ်းဆီးခံထားရကြောင်း ဒေသခံများထံမှသိရသည်။

ရှပ်ပုံရွာတွင် ဇန်နဝါရီလ ၁၆ ရက်နေ့က တိုက်ပွဲဖြစ်ခဲ့ပြီး ရွာအပြင်မှ နေအိမ်တစ်လုံးမီးရှို့ခံရကာ ယနေ့တွင်လည်း ရွာအတွင်း နေအိမ်သုံးလုံး ထပ်မံမီးရှို့ခံရသည်ဟု ဒေသခံများကပြောသည်။

“PDF နဲ့ ဆက်စပ်တယ်ဆိုပြီး ရှို့တယ်လို့သိရတယ်။ လူတွေ ရှောင်နေချိန်ရှို့သွားတာပါ” ဟု ဒေသခံအမျိုးသားက Dawei Watch သို့ပြောသည်။

ယင်းအပြင် ရွာသားတစ်ချို့ကိုလည်း စစ်ကောင်စီမှ ဖမ်းဆီးစစ်ဆေးနေကြောင်းနှင့် ဖမ်းဆီးခံရသည့် အရေအတွက် မသိရသေးကြောင်း ၎င်းတို့ကဆိုသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့က ရွာသားတစ်ချို့ လှေငယ်များဖြင့် ထွက်ပြေးခဲ့ကြပြီး နောက်ရက်များတွင်တော့ ရေတပ်သင်္ဘောနှစ်စီးက ပုလောချောင်းဝတွင် ပိတ်ဆို့ထားပြီး ထွက်သွားခွင့်မပြုတော့ဟု ဒေသခံများကပြောသည်။

“ထွက်တဲ့လှေတွေ အကုန်လုံးပြန်လိုက်သွင်းတယ်။ ဘာလှေမှ ပေးမထွက်ဘူး။ ငါးဖမ်းလှေလည်း မထွက်ရဘူး”ဟု ဒေသခံနောက်တစ်ဦးကပြောသည်။

ယနေ့တွင် ရေတပ်သင်္ဘောမှ စစ်ကောင်စီတပ်သားများ ရွာအတွင်းသို့ ထပ်မံဝင်ရောက်လာပြီး ပစ်ခတ်မှု၊ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည့်အတွက် မပြေးဘဲကျန်နေသေးသည့် ရပ်ကွက်အချို့မှ ဒေသခံများသည်လည်း ဘေးလွတ်ရာသို့ ထွက်ပြေးနေကြသည်ဟု ၎င်းတို့ကပြောပြသည်။

“ဒီနေ့က တိုက်ပွဲမဖြစ်ဘူး။ တစ်ဖက်တည်းပစ်တာ။ လူတွေအကုန်လုံးက ကြောက်လို့ ပြေးသူပြေး ပုန်းသူပုန်းနေကြတာပေါ့။ တစ်ရွာလုံး ရုန်းရင်းဆန်ခတ်ပဲ”ဟု ဒေသခံအမျိုးသား ကပြောသည်။

သို့သော်ရွာသားအများစုမှာ ထွက်ပြေးနိုင်ခြင်းမရှိကြဘဲ ရွာအတွင်း ပိတ်မိနေကြသည်ဟု ဒေသခံများကပြောဆိုသည်။

ယခုလပိုင်းတွင် ဒေသခံများ၏ နေအိမ်များ မီးရှို့ခံရမှု ဆက်တိုက်ဖြစ်လာနေပြီး တိုက်ပွဲဖြစ်ရာအနီးတစ်ဝိုက်ရှိ ကျေးရွာများမှာ မီးရှို့ဖျက်ဆီးခံနေရသည်။