မီးရှို့ပစ်ခတ်ခံရသည့် ဟင်းချိုတောရွာဖြစ်ရပ်

0
3004

ဟင်းချိုတောကျေးရွာတွင် ယနေ့ နံနက်အစောပိုင်းက လက်နက်ကိုင် လူတစ်စုဝင်ရောက်ကာ နေအိမ်များကို မီးရှို့ခြင်း၊ သေနတ်ပစ်ခတ်ခြင်း၊ ဒေသခံများကို စစ်ဆေးခြင်း စသည်တို့ လုပ်ဆောင်ခဲ့ကြသည်။

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သပြေရှောင်ကျေးရွာအုပ်စုတွင် တည်ရှိသည့် အဆိုပါကျေးရွာတွင် နေအိမ်ငါးလုံးကို ပျူစောထီးအဖွဲ့က လာရောက်မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

ယနေ့ ဇန်နဝါရီလ ၁၁ ရက် နံနက် ၄ နာရီခန့်တွင် ရေလမ်းခရီးဖြင့် အနက်ရောင် အရပ်ဝတ် အဝတ်အစားများ ဝတ်ဆင်ထားသည့် လက်နက်ကိုင် လူနှစ်ဆယ်ခန့် ဝင်ရောက်လာခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

လက်မောင်းတွင် အဖြူရောင်လက်ပတ်ကို ဝတ်ဆင်ထားသည်ကို လည်းတွေ့ရသည်ဟု ဆိုသည်။

၎င်းတို့သည် ပျူစောထီးအဖွဲ့ဝင်များဖြစ်ကြောင်း ဒေသခံအချို့က ကောက်ချက်ချသည်။

နေအိမ်မီးရှို့ခံရသူများထဲတွင် NLD ပါတီ ဝန်ရံဖူးသူများဖြစ်နေခြင်း၊ မီးလာရှို့သူများ ကိုင်ဆောင်ထားသည့် သေနတ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကိုင်ဆောင်သည့် အမှတ်အသားများ တွေ့ရှိရခြင်းတို့ကို ထောက်ပြသည်။

လောင်းလုံး ကျွန်းဆွယ်တကြောတွင် နာမည်ကြီး ပျူစောထီးတစ်ဦးဖြစ်သူ ကျောက်နီမော်ဒေသခံ ဦးချစ်စမ်းမောင်ပိုင် အရက်ဘီယာများကို ဟင်းချိုတောရွာအနီး လမ်းပိုင်းတွင် PDF အဖွဲ့က မကြာခဏ ဖမ်းဆီးဖျက်ဆီးလေ့ရှိကြောင်း ဒေသခံတို့က ပြောသည်။

ယင်းအပြင် ဇန်နဝါရီလ ၁၀ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဒေသခံများနှင့် လာရောက်တွေ့ဆုံခဲ့ကြောင်း ၎င်းတို့ ဆိုသည်။

အထက်ပါအချက်များကြောင့် မီးလာရှို့သူများမှာ ပျူစောထီးများဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြခြင်း ဖြစ်သည်။

“သေနတ်ဒင်မှာ စစ်တပ်မှာသုံးတဲ့ အမှတ်တံဆိပ်တွေပါတယ်။ သေနတ်ဒင်မှာ အနီစက်လိုဟာမျိုးတွေပေါ့နော်။ ဒါပေမဲ့ အဲဒီတံဆိပ်တွေကို ဖျက်ထားတယ်” ဟု မျက်မြင်တွေ့သူတစ်ဦးကို ကိုးကားပြီး ဒေသခံတစ်ဦးက ပြောဆိုသည်။

မီးရှို့ခံရသည့် နေအိမ် ငါးလုံးအနက် လေးလုံးမှာ လုံးဝပျက်စီးသွားပြီး နောက်တစ်လုံးမှာ အနည်းငယ် ပျက်စီးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

မီးရှို့ခံရသည့် နေအိမ်ပိုင်ရှင်များအနက် ဒေါ်ကျင်‌ရွှေဆိုသူတွင် နေအိမ်အပြင် ရော်ဘာအပြား ၃၀၀ ခန့်နှင့် နေလှန်းထားသည့် စပါးတင်း ၃၅၀ ခန့် မီးလောင်ပျက်စီးသွားကြောင်း ပြောဆိုကြသည်။

ယင်းအပြင် ကိုမျိုးသိန်း၏ ပရိဘောဂဆိုင်၊ ဦးအောင်ဝင်း၏ နေအိမ်နှင် ဘိလိယက်ခုံနှစ်ခုံ၊ ဒေါ်မီးမဲ နေအိမ် တစ်လုံးနှင့် ဘိလိယက်ခုံနှစ်ခုံ၊ ဆိုင်ကယ်နှစ်စီးတို့လည်း မီးလောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

နေအိမ်မီးရှို့ရန် ဝင်ရောက်လာချိန်တွင် ဒေသခံ ၃၀ ခန့်ကို ဖမ်းဆီးထိုင်ခိုင်းထားပြီး ဖုန်းများကို ယူပြီး စစ်ဆေးခဲ့သေးကြောင်းဆိုသည်။
“ပထမတော့ အိမ်တစ်ဆောင်ထဲကို စဝင်တာ။ ပြီးတာနဲ့ ဖုန်းကိုယူစစ်တယ်။ လာသမျှလူတွေကိုလည်း ထိုင်ခိုင်းထား ပြီးတော့ ဖုန်းကို ယူစစ်တယ်။ ပြီးတာနဲ့ အိမ်တွေထဲကို မီးထုပ် ပစ်တယ်” ဟု ဒေသခံတစ်ဦး နောက်တစ်ဦးက ပြောသည်။

နေအိမ် မီးရှို့နေချိန် သေနတ်ပစ်ဖောက်သံများ အဆက်မပြတ်ကြားခဲ့ရပြီး သေနတ်ကျည်ခွံများကိုလည်း ဒေသများက တွေ့ရှိခဲ့ကြသည်။

“တချို့အိမ်တွေ ကျည်ဆံထိတယ်။ လမ်းပေါ်မှာလည်း ဖောက်သွားတယ်။ အားလုံးပေါင်း အချက် ၃၀ လောက်တော့ ရှိမယ်။ တရစပ်ပစ်သွားတာ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

နေအိမ်မီးရှို့ခံရသည့်အထဲပါဝင်သည့် ဦးအောင်ဝင်း၏ နေအိမ်တွင်မူ ၎င်း၏သားဖြစ်သူ နော်မှေးဆိုသူကို နာမည်နှင့် တကွလာမေးခဲ့သည်ဟုလည်း ဆိုသည်။

“နော်မှေးကို မတွေ့တော့ အိမ်နောက်ကို ဝင်ပတ်ကြည့်သေးတယ်။ ပြီးမှ အိမ်ကိုမီးရှို့သွားတာပေါ့” ဟု ၎င်းက ဆိုသည်။

လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် လောင်းလုံး အခြေခံကျောင်းသားများ သမဂ္ဂကလည်း ဟင်းချိုတောရွာက နေအိမ်များကို မီးရှို့သူတို့ ပျူစောထီးအဖွဲ့ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းလုပ်ရပ်ကို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်းလည်း ထုတ်ပြန်ထားကြသည်။

ဇန်နဝါရီလ ၆ ရက်ကလည်း လောင်းလုံးမြို့နယ် သကျက်တောကျေးရွာရှိ နေအိမ် နှစ်လုံးနှင့် ထန်းရည်တဲတစ်လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သေးသည်။

ဟင်းချိုတောရွာနှင့် သကျက်တောရွာမှာ ‌၆ မိုင်ကျော်ကွာဝေးပြီး ထားဝယ်-လောင်းလုံး-ရှင်မော်သွား ကားလမ်းမပေါ်တွင် တည်ရှိသည်။