လောင်းလုံး ကျောက်ဆင်ရွာတွင် အမျိုးသမီးတစ်ဦး ပစ်သတ်ခံရ

0
2890

လောင်းလုံးမြို့နယ် ကျောက်ဆင်ရွာတွင် ဇန်နဝါရီလ ၁၀ ရက် မွန်းလွဲပိုင်းက အသက် ၆၃ နှစ် အရွယ် အမျိုးသမီးတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

ပစ်သတ်ခံရသူမှာ ကျောက်ဆင်ရွာတွင်နေထိုင်သည့် ဒေါ်မာမာဇင်ဆိုသူဖြစ်ပြီး နေအိမ်တွင် ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သေနတ်ပစ်ခတ်သံကိုသား ကြားလိုက်ရပြီး သေနတ်သမား မည်မျှလာရောက်ခဲ့သည်ကို မသိလိုက်ရကြောင်း ဒေသခံအချို့က ဆိုသည်။

အဆိုပါအမျိုးသမီးသည် ရန်ကုန်ဘက်ကဖြစ်ပြီး ကျောက်ဆင်ရွာသားနှင့် အိမ်ထောင်ကျကာ ယင်းရွာတွင် နေထိုင်နေသူဖြစ်ကြောင်း အထက်ပါဒေသခံက ပြောဆိုသည်။

“စကားအပြောအဆို မတတ်တော့ သူနဲ့မတည့်သူက များတယ်” ဟု ၎င်းက ပြောသည်။

သို့သော် အဆိုပါအမျိုးသမီးကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို မသိရသေးပေ။

ပစ်ခတ်ခံရမှုကြောင့် ထိုအမျိုးသမီးတွင် လည်ပင်း၊ မျက်လုံး၊ နားထင်တို့တွင် သေနတ်ဒဏ်ရာများ ရရှိပြီး သေဆုံးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံများက ပြောသည်။

ယင်းအမျိုးသမီး၏ရုပ်အလောင်းကို ဇန်နဝါရီလ ၁ဝရက် ညနေပိုင်းတွင် အရေးပေါ်ကားဖြင့် ထားဝယ်ဘက်သို့ တင်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။