ထိုင်းတွင် စက်ရုံများသို့သွားပြီး နိုင်ငံကူးလက်မှတ်သက်တမ်းတိုးပေးမည်ဟု မြန်မာသံရုံးထုတ်ပြန်

0
2918

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများ လုပ်ကိုင်လျက်ရှိသော စက်ရုံ၊ အလုပ်ရုံများသို့ Mobile Team အဖွဲ့များ စေလွှတ်ပြီး နိုင်ငံကူးလက်မှတ်သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာနိုင်ငံသံရုံးက ဇန်နဝါရီလ ၁၀ ရက်တွင် ထုတ်ပြန်သည်။

နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် ရက်ချိန်းတိုကင် စပေးသည့် ဇန်နဝါရီလ ၇ရက်တွင် သံရုံးရှေ့ ညအိပ်စောင့်ဆိုင်း သူများအပါအဝင် အလုပ်သမား ခြောက်ထောင်ကျော်အထိ တန်းစီစောင့်ဆိုင်းခဲ့ရာ လူတိုးကြိတ်မှုကြောင့် မူးလဲသူများပင် ရှိခဲ့သည်။

ယင်းနောက် ယခုအစီအစဉ်ကို သံရုံးဘက်က ကြေညာလာခြင်းဖြစ်သည်။

မြန်မာအလုပ်သမား တစ်ထောင်ကျော်ရှိသော စက်ရုံများသို့ ဇန်နဝါရီလ ၂၃ ရက်နေ့ နောက်ပိုင်းတွင် Mobile Team အဖွဲ့ နှစ်ဖွဲ့စေလွှတ်ကာ ဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။  

စက်ရုံများကို မဲနှိုက်ပြီး အလှည့်ကျသွားရောက် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ရေးသားထားသည်။

စက်ရုံများအနေဖြင့် ၂၀၂၂ တွင် သက်တမ်းကုန်ဆုံးသည့်၊ ၂၀၂၃တွင် ကုန်ဆုံးမည့် PJ (Passport for Job) အမျိုးအစား နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားကြသော မြန်မာအလုပ်သမားများ၏ စာရင်းကိုပြုစုပြီး ဇန်နဝါရီလ ၂၀ ရက်နေ့ နောက်ဆုံးထားကာ ကောင်စစ်တာဝန်ခံဆီသို့ တင်ပြရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဇန်နဝါရီလ ၂၃ ရက်တွင် ဘန်ကောက်မြို့ မြန်မာသံရုံး၌ စက်ရုံ၊ အလုပ်ရုံများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ အလှည့်ကျစနစ်ကို မဲနှိုက်၍ ရက်သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးသည်ကို စက်ရုံ၊ အလုပ်ရုံများအထိ လာရောက်လုပ်ဆောင်ပေးခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်လာမည်ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) က အလုပ်သမားတာဝန်ခံ ကိုဇော်က ပြောသည်။

“အရင်တုန်းက CI (မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား) စာအုပ်တွေကို Mobile အနေနဲ့ ကားတွေနဲ့ လိုက်လုပ်ဖူးတာ ရှိတယ်။ နိုင်ငံကူးလက်မှတ်တွေ လိုက်လုပ်ပေးမယ်ဆိုတာတော့ မကြားဖူးသေးဘူး” ဟု ၎င်းက ဆိုသည်။

မြန်မာအလုပ်သမား ၁၀၀၀ အောက်ရှိသည့် စက်ရုံ၊ အလုပ်ရုံများကိုလည်း မြန်မာ (သံရုံး) က အလှည့်ကျ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် စက်လေးစုံ၊ ချင်းမိုင်ကောင်စစ်ဝန်ရုံးတွင် စက်တစ်စုံတို့ဖြင့် သက်တမ်း တိုးပေးနေပြီး ယခုအသစ်ရောက်ရှိလာသော Mobile စက် နှစ်စုံဖြင့် စက်ရုံများတွင် လုပ်ဆောင်မည်ဖြစ်ကြောင်း ဖော်ပြသည်။

ဇန်နဝါရီလ ၇ ရက်နေ့တွင် မြန်မာသံရုံးရှေ့၌ နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးရန်အတွက် ရက်ချိန်း တိုကင်ယူရန် မြန်မာအလုပ်သမား ၆၀၀၀ ကျော်အထိ လာရောက်တန်းစီခဲ့ကြကြောင်း မြန်မာသံရုံးက ထုတ်ပြန်ထား သည်။

ယင်းနေ့က လမ်းပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့ပြီး ကြန့်ကြာမှုများကြောင့် ကျန်းမာရေးမကောင်းသူများ အနေဖြင့် အဆင်မပြေမှုများဖြစ်ပွားခဲ့ရကြောင်း သံရုံးက ထုတ်ပြန်ထားသည်။

ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွင်မူ ပတ်စ်ပို့သက်တမ်းတိုးပေးမှုကို ဇန်နဝါရီလ ၅ ရက်မှစတင်ကာ ခေတ္တ ရပ်နားထားကြောင်း ကြေညာထားသည်။

မြန်မာနိုင်ငံတွင်လည်း နည်းပညာအဆင့်မြှင့်တင်ရန် အတွက်ဟုဆိုကာ နိုင်ငံကူးလက်မှတ် ထုတ်ပေးမှုကို ဇန်နဝါရီလ ၂ရက်မှ စတင်ကာ ယာယီ ရပ်ဆိုင်းထားသည်။