ရေဖြူတွင် စွန့်ပစ်ထားသည့် အမျိုးသားနှစ်ဦး ရုပ်အလောင်းတွေ့

0
3107

ရေဖြူမြို့နယ်၊ သဗြေဇွန်းရွာအနီးတွင် ယနေ့ ဇန်နဝါရီလ ၁၁ ရက် နံနက်ပိုင်းက လမ်းဘေးတွင် စွန့်ပစ်ထားသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိရကြောင်း ဒေသခံများက ပြောသည်။

သဗြေဇွန်းရွာနှင့် ရေဖြူမြို့ ကြားလမ်းပိုင်းတစ်နေရာတွင် အဆိုပါ ရုပ်အလောင်း နှစ်လောင်းကို ခရီးသွားဒေသခံများက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ခရီးသွားဒေသခံတစ်ဦးက ဆိုသည်။

“နှစ်ဦးစလုံးက ပုဆိုးနဲ့ အင်္ကျီမရှိဘူး။ လက်နှောက်ပြန် ကြိုးတုတ်ပြီး မျက်နှာကို အဝတ်စည်းထားတယ်။ လမ်းဘေးမှာ မှောက်ခုံ သေနေတာတွေ့ရတယ်” ဟု ၎င်းက ပြောသည်။

သေဆုံးသူနှစ်ဦးမှာ မည်သူမည်ဝါ ဖြစ်သည်ကို မသိရသလို သဗြေဇွန်းရွာသားများလည်း မဟုတ်ကြကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

“ညက ခုနစ်နာရီလောက် ကားတစ်စီး အဲဒီဖက် ဖြတ်သွားတာတွေ့ရတယ်။ ပြီးတာနဲ့ သေနတ်သံ သုံးလေးချက် ကြားတယ်။ ပြီးတော့ အဲဒီကားလည်း ကျခတ္တာပင်အင်းဖက် ထွက်သွားတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါအမျိုးသားနှစ်ဦးကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ယင်းအလောင်းနှစ်လောင်းကို ယနေ နံနက် ၁ဝနာရီခန့်တွင် အရေးပေါ်ကားဖြင့် ရေဖြူမြို့သို့ လာရောက် သယ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။