တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
3006

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဒီဇင်ဘာ ၃၁ ရက်နေ့မှ ဇန်နဝါရီ ၆ ရက်နေ့အထိ

ပင်လယ်ဖျံကြီး အနားယူဖို့ နှစ်သစ်ကူးည မီးရှူးမီးပန်းလွှတ်တာကို အင်္ဂလန်မြို့ငယ်လေးက ပယ်ဖျက်

ဆိပ်ကမ်းမှာ အိပ်ပျော်နေတဲ့ ပင်လယ်ဖျံကြီးတစ်ကောင် အိပ်ရေးမပျက်စေဖို့နဲ့ အနားယူနိုင်ဖို့ အင်္ဂလန်နိုင်ငံ စကာဘရော့မြို့ငယ်လေးဟာ နှစ်သစ်ကူးည မီးရှူးမီးပန်း ပစ်ဖောက်မယ့် အစီအစဉ်တွေကို ဖျက်သိမ်းပစ်ခဲ့ပါတယ်။

သော် (Thor) လို့ အမည်ပေးထားတဲ့ အာတိတ်ဒေသ ပင်လယ်ဖျံကြီးဟာ ပင်လယ်ဆိပ်ကမ်းမြို့ကို ဒီဇင်ဘာ ၃၁ ညမှာ ရောက်ရှိလာခဲ့ပြီး မြောက်ဘက်ပင်လယ်တွေကို ဦးတည်သွားမယ်လို့ ယုံကြည်နေကြပါတယ်။

ပင်လယ်ဖျံကြီး ခရီးဆက်ဖို့အတွက် အနားယူ၊ အားမွေးဖို့ လိုအပ်တာကြောင့် ဆိပ်ကမ်းမှာ အိပ်ပျော်နေတုန်း အိပ်ရေးမပျက်ရလေအောင် ဆူညံသံတွေ မလုပ်ကြဖို့ ဒေသဆိုင်ရာ သားရဲတိရစ္ဆာန်ကျွမ်းကျင်သူတွေက မြို့ခံလူထုကို မေတ္တာရပ်ခံခဲ့တာပါ။

Ref: BBC

………………………………..

ကွန်ကရစ်တိုင်ထဲ ပြုတ်ကျသွားတဲ့ ကလေး သေဆုံးပြီလို့ အတည်ပြု

နှစ်သစ်ကူးအကြိုနေ့က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုရဲ့ ကွန်ကရစ်ပိုင်တိုင်ထဲကို ပြုတ်ကျခဲ့တဲ့ အသက် ၁၀ နှစ်အရွယ် ဗီယက်နမ်ကလေးငယ်တစ်ဦးဟာ သေဆုံးသွားခဲ့ပြီလို့ နိုင်ငံပိုင်မီဒီယာကနေ ဇန်နဝါရီ ၄ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ကယ်ဆယ်ရေးသမားတွေက ကလေးငယ်ကို နာရီပေါင်း ၁၀၀ ကြာတဲ့အထိ ကယ်ဆယ်ဖို့ ကြိုးပမ်းခဲ့ကြပေမဲ့ မအောင်မြင်ပဲ အချည်းနှီးသာ ဖြစ်ခဲ့တယ်လို့ ဆိုထားပါတယ်။

ကလေးငယ်ဟာ သံတိုသံစ လိုက်ရှာရင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲက ဟောင်းလောင်းပေါက် ကွန်ကရစ်တိုင်ထဲ ပြုတ်ကျသွားခဲ့တာပါ။

ကယ်ဆယ်ရေးသမားတွေက ရွံ့ဗွက်နဲ့ ရေတွေကို စုပ်ထုတ်ပြီး ကလေးငယ် အသက်ရှူနိုင်အောင် လေသွင်းပေးဖို့ ကြိုးစားခဲ့ကြတာပါ။

ကလေးငယ်ဟာ ပြုတ်ကျသွားချိန်မှာ ဒဏ်ရာရရှိခဲ့သလို အသက်ရှင်ဖို့ လုံလောက်တဲ့ အောက်ဆီဂျင်လည်း မရခဲ့ဘူးလို့ ဆိုကြပါတယ်။

အခုချိန်မှာတော့ အာဏာပိုင်တွေက ဟောင်နမ်ရဲ့ ဈာပန ပြုလုပ်ပေးဖို့ သူ့ရဲ့ရုပ်အလောင်းကို ဆယ်ယူနိုင်ဖို့ လုပ်ဆောင်နေကြပါတယ်။

Ref: CNA

………………………………..

Amazon က အလုပ်သမား ၁၈၀၀၀ ကျော် အလုပ်ဖြုတ်မယ်

Amazon က လုပ်သား ၁၈၀၀၀ ကျော်ကို လုပ်သားအင်အားလျှော့ချသည့်အနေနဲ့အလုပ်ဖြုတ်သွားမယ်လို့ စီအီးအို အန်ဒီ‌ဂျာစီက တရားဝင်ကြေငြာခဲ့ပါတယ်။

ဇန်နဝါရီလ ၁၈ ရက်နေ့မှာ စတင်မယ့် အဆိုပါဝန်ထမ်းလျှော့ချရေးဆုံးဖြတ်ချက်ဟာ ကုမ္ပဏီရဲ့ e-commerce နဲ့ လူ့စွမ်းအားအရင်းအမြစ် အဖွဲ့အစည်းတွေကို ကြီးကြီးမားမား သက်ရောက်စေမှာဖြစ်တယ်လို့ ဆိုပါတယ်။

Amazon ကုမ္ပဏီဟာ ဂိုဒေါင်ဝန်ထမ်းတွေအပါအဝင် အလုပ်သမား ၁ ဒသမ ၅ သန်းကျော်ရှိပြီး Walmart ပြီးရင် အမေရိကန်ရဲ့ တတိယအကြီးဆုံး ပုဂ္ဂလိက လုပ်ငန်းတစ်ခုဖြစ်ပါတယ်။

မူလကတော့ လုပ်သား ၁၀၀၀၀ အထိသာ လျှော့ချဖို့ ရည်ရွယ်ထားပေမဲ့ နောက်ဆုံးမှာ လုပ်သား ၁၈၀၀၀ ကျော် လျှော့ချဖို့ ဆုံးဖြတ်ခဲ့ပြီး ထိုလျှော့ချမှုအတွက် လျော်ကြေးငွေပေးမယ်လို့ ဆိုပါတယ်။

Ref: REUTERS

………………………………..

တရုတ်မှာ ကိုဗစ်ကူးစက်မှုမြင့်တက်လာလို့ WHO စိုးရိမ်

တရုတ်နိုင်ငံမှာ ကူးစက်မှုမြင့်မားလာတဲ့ ကိုဗစ်ရောဂါကြောင့် အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေအပေါ် စိုးရိမ်ပူပန်မိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောပါတယ်။

ဆေးရုံတက်ရတဲ့သူနဲ့ သေဆုံးတဲ့သူတွေရဲ့ အချက်အလက်နဲ့ ပတ်သက်ပြီး ပိုမို ယုံကြည်ရတဲ့ အချက်အလက်တွေ ပေးဖို့လည်း WHO က တရုတ်အစိုးရကို ထပ်မံ တောင်းဆိုလိုက်ပါတယ်။

ဒီဇင်ဘာလကနေစပြီး တရုတ် အစိုးရရဲ့ တရားဝင် စာရင်းဇယားအရ နိုင်ငံတဝန်းလုံးမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၂၂ ဦးသာ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

တရုတ်အစိုးရက ထုတ်ပြန်တဲ့ အချက်အလက်တွေ အထူးသဖြင့် သေဆုံးမှုတွေက လျှော့ပြောထားတယ်လို့ WHO ကပြောကြားလိုက်ပါတယ်။

Ref: BBC

………………………………..

သြစတြေးလျမှာ ရဟတ်ယာဉ် ၂စင်းတိုက်မိလို့ လူ ၄ ဦးသေဆုံး

သြစတြေးလျနိုင်ငံ Gold Coast ကမ္ဘာလှည့်ခရီးသွားတွေ ထူထပ်တဲ့နေရာမှာ ဇန်နဝါရီ ၂ ရက်နေ့က ရဟတ်ယာဉ် ၂စင်း တိုက်မိလို့ လူ ၄ ဦး သေဆုံးခဲ့ပါတယ်။

ကျန် ၃ ဦးကတော့ ဒဏ်ရာပြင်းထန်စွာရခဲ့ပြီး စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်လို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။

ရဟတ်ယာဉ်တစ်စင်း ဆင်းသက်နေတဲ့အချိန်မှာ နောက်တစ်စင်းက လေထဲကို ပျံတက်ခဲ့လို့ တိုက်မိကြတာ ဖြစ်နိုင်ကြောင်း ဆိုထားပါတယ်။

ပျက်ကျရတဲ့ အသေးစိပ်ကိုတော့ စုံစမ်းစစ်ဆေးနေဆဲဖြစ်လို့ အတိအကျမပြောနိုင်သေးတာကိုလည်း ရဲတပ်ဖွဲ့က ထပ်မံပြောကြားလိုက်ပါတယ်။

Ref: BBC

………………………………..

ဂျပန်နိုင်ငံမှာ ဒီဇင်ဘာလအတွင်း ကို‌ဗစ်‌ကြောင့်သေဆုံးမှု ခုနစ်‌ထောင်ကျော်အထိရှိခဲ့

ဂျပန်နိုင်ငံမှာ ဒီဇင်ဘာလထဲ ကိုဗစ်ကြောင့်သေဆုံးသူအရေအတွက်ဟာ ၇၆၈၈ ဦး အထိ စံချိန်တင် မြင့်တက်ခဲ့ပြီး အရင်ကိုဗစ်လှိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဩဂုတ်လစံချိန် ၇၃၂၉ ဦးကို ကျော်လွန်ခဲ့တယ်လို့ သိရပါတယ်။

၈ ကြိမ်မြောက်ကိုဗစ်လှိုင်းဖြစ်နေသော ဂျပန်နိုင်ငံမှာ ဒီဇင်ဘာလနောက်ပိုင်း ကိုဗစ်ကူးစက်ခံရမှုဟာ တစ်နေ့ကို ၄၀၀ အထက်ကို ရှိလာခဲ့တယ်လို့ သိရပါတယ်။

အိုမီခရွန်ရဲ့ သဘာဝကြောင့် ပြင်းထန်မှုနှုန်းတွေ ကျဆင်းသွားပေမဲ့ ကူးစက်မှုတိုးလာခဲ့ပြီး ကူးစက်မှုတွေက အတိုင်းအတာတစ်ခုအထိ မြင့်တက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

Ref: Kyodo News

………………………………..

အမေရိကန်မှာ ကိုယ်ဝန်ဖျက်ချဆေး တရားဝင် ရောင်းချခွင့်ပေး

အမေရိကန်ပြည်ထောင်စုအတွင်း လက်လီဆေးဆိုင်တွေမှာ ကိုယ်ဝန်ဖျက်ချတဲ့ဆေးတွေကို ရောင်းချဖို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန FDA က ဇန်နဝါရီ ၃ ရက်မှာ ပထမဆုံးအကြိမ် ခွင့်ပြုပေးခဲ့ပါတယ်။

ဆေးဆိုင်တွေဟာ mifepristone ကိုယ်ဝန်ဖျက်ဆေးကို ဖြန့်ဝေဖို့ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီနှစ်ခုထဲက တခုဆီမှာ ခွင့်ပြုလက်မှတ်တောင်းခံရမှာပါ။

လျှောက်ထားတာ အောင်မြင်ခဲ့ရင် ဆေးဝါးပညာရှင်ဆီက ဆေးစာလက်ခံရရှိမှသာ လူနာတွေဆီ တိုက်ရိုက်ဖြန့်ဝေနိုင်မှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

အမေရိကန်ရဲ့ ဆေးဝါးထုတ်လုပ်တဲ့ ကုမ္ပဏီနှစ်ခုဖြစ်တဲ့ Danco Laboratories နဲ့ GenBioPro တို့က ဆေးတွေကို သုံးစွဲခွင့် လျှောက်လွှာတွေကို တင်သွင်းခဲ့ပြီးတဲ့နောက် FDA ဆီကနေ ခွင့်ပြုချက် ရခဲ့တယ်လို့ သိရပါတယ်။

Ref: The New York Times

………………………………..

ပေ ၂၅၀ နက်တဲ့ ချောက်ထဲ ကားထိုးကျခဲ့တဲ့ မိသားစု ၄ ဦး အသက်ရှင်

တောင်စောင်းပေါ်ကနေ ပေ ၂၅၀ နက်တဲ့ ချောက်ထဲ ရည်ရွယ်ချက်ရှိရှိ ကားထိုးကျသွားခဲ့ပေမဲ့ မိသားစု ၄ ယောက်ဟာ ကံကောင်းထောက်မစွာနဲ့ အသက်ဘေးကနေ လွတ်မြောက်ခဲ့ပါတယ်။

ဇန်နဝါရီလ ၂ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီအချိန်ခန့်က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ Tesla ကားတစ်စီး ချောက်ထဲ ထိုးကျခဲ့တာပါ။

ကားပေါ်မှာ ကလေးငယ်နှစ်ဦးအပါအဝင် မိသားစု ၄ ဦး လိုက်ပါလာခဲ့ပြီး ကားဟာ ချောက်ထဲ လိမ့်ကျသွားပြီး ရပ်တန့်ပျက်စီးသွားခဲ့ပါတယ်။

လိုက်ပါခဲ့တဲ့ မိသားစု ၄ ဦးစလုံး အသက်ဘေးက လွတ်မြောက်ခဲ့ပြီး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။

ကယ်လီဖိုးနီးယား မီးသတ်နဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့က မိသားစု ၄ ယောက်ကို ရဟတ်ယာဉ်နဲ့ ကယ်တင်ပေးခဲ့ခြင်းဖြစ်ပါတယ်။

Ref: The Guardian

………………………………..

ဖိလစ်ပိုင်ရေကြီးမြေပြိုမှုကြောင့် သေဆုံးသူ ၅၁ ဦးရှိလာ

ဖိလစ်ပိုင်နိုင်ငံမှာ ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် သေဆုံးသူ ၅၁ ဦး အထိရှိလာခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားပါတယ်။

သေဆုံးသူတွေ ထပ်တိုးလာနိုင်ပြီး ကယ်ဆယ်ရေးသမားတွေက မိုးသည်းထန်စွာ ရွာကတည်းက ပျောက်ဆုံးနေတဲ့ လူ ၁၉ ဦးကို ရှာဖွေနေဆဲဖြစ်ပါတယ်။

ခရစ္စမတ်နေ့ရေကြီးမှုကြောင့် လူပေါင်း ၄၅၀၀၀ ကျော်ကို သူတို့ရဲ့ နေအိမ်တွေကနေ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပါသေးတယ်။

သဘာဝဘေးကြောင့် လူပေါင်း ၂၇၀၀၀၀ ခန့် ဒုက္ခသည်စခန်းမှာ နေထိုင်နေခဲ့ကြရပြီး အိမ်ခြေ ၄၅၀၀ ကျော်ပျက်ဆီးခဲ့ကာ သီးနှံစိုက်ပျိုးမြေပေါင်း ၇,၀၀၀ ဟက်တာအထိ ပျက်ဆီးဆုံးရှုံးခဲ့ရတယ်လို့ အစိုးရက ကြေညာခဲ့ပါတယ်။

Ref: PBS

………………………………..

မတော်တဆမှုကြောင့် စိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့သော Marvel မင်းသား ဂျရမီ ရန်နာ

Marvel ဇာတ်ကားတွေမှာ ဟီးရိုးဇာတ်ကောင် Hawkeye အဖြစ် ပါဝင်ခဲ့တဲ့ မင်းသားဂျရမီ ရန်နာဟာ ဆီးနှင်းရှင်းရင်း မတော်တဆမှုဖြစ်ပြီးနောက် ခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ်။

အထူးကြပ်မတ်ကုသဆောင်မှာ စိုးရိမ်ရတဲ့အခြေအနေရှိပေမဲ့ အခု တည်ငြိမ်တဲ့အခြေအနေမှာရှိနေပြီလို့ သူ့ရဲ့တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ဂျရမီက ဇန်နဝါရီ ၁ ရက်နေ့က သူ့အိမ်နားမှာ ဆီးနှင်းရှင်းရင်း မတော်တဆမှုဖြစ်ခဲ့တာပါ။

သူဟာ ရင်ဘတ်မှာ ပြင်းပြင်းထန်ထန်ထိခိုက်မိခဲ့သလို အရိုးနဲ့ကြွက်သားစနစ်မှာလည်းထိခိုက်မိခဲ့ပါတယ်။

မင်းသား ဂျရမီ ရန်နာက Marvel ဇာတ်ကားတွေထဲမှာ ဟီးရိုးဇာတ်ကောင် Hawkeye အဖြစ် လူသိများပါတယ်။

ဂျရမီက “The Hurt Locker”၊ “The Town” ဇာတ်ကားတွေနဲ့ နှစ်ကြိမ် အော်စကာဆု လျာထားခံခဲ့ရသူလည်းဖြစ်ပါတယ်။

Ref: Variety

………………………………..