ရန်ကုန်-မြိတ် ခရီးသည်တင်ယာဉ်တစ်စီး သထုံတွင် မိုင်းဆွဲပစ်ခတ်ခံရ

0
2950

ရန်ကုန်-မြိတ် ပြေးဆွဲသည့် ခရီးသည်တင်ယာဉ်တစ်စီး မွန်ပြည်နယ်၊ သထုံမြို့နယ် ကမာစိုင်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် မိုင်းဆွဲခံရပြီး သေနတ်ဖြင့်လည်းပစ်ခတ်ခံရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ရန်ကုန်ဘက်မှ မော်လမြိုင်ဘက်သို့ မောင်းနှင်လာသော သီဟမင်း ခရီးသည်တင်ယာဉ်သည် ဇန်နဝါရီလ ၅ ရက် ည ၁၀ နာရီဝန်းကျင်ခန့်က ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်းကျေးရွာအနီးအရောက်တွင် ယင်းသို့ ဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ခရီးသည်တင်ကား မိုင်းဆွဲခံရပြီး သေနတ်ဖြင့်ပါ ပစ်ခတ်ခံရမှုကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

“ကားကို မိုင်းဆွဲတိုက်ခိုက်ပြီးတော့ သေနတ်နဲ့ပါ ပစ်တယ်လို့ပြောတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို လူမှုကူညီကယ်ဆယ်ရေးအသင်းတို့၏ အကူအညီဖြင့် သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုပေးနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယာဉ်ပေါ်တွင် ခရီးသည် သုံးဦးလိုက်ပါလာခဲ့ပြီး ခရီးသည်များ ထိခိုက်ခြင်း မရှိကြောင်း ၎င်းတို့ထံမှ သိရသည်။

အထက်ပါတိုက်ခိုက်မှုကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် လုပ်ဆောင်သည့်ကို မသိရသေးပေ။

၂၀၂၂ ခုနှစ် ဇွန်လကလည်း ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာ ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းမပေါ်တွင် စစ်တောင်းနာရေးကူညီမှုအသင်းယာဉ် ပစ်ခတ်ခံရပြီး အသင်းသားတစ်ဦး သေဆုံးသွားခဲ့သည်။

ပြီးခဲ့သည့်နှစ်က သထုံမြို့နယ် ရန်ကုန် – မော်လမြိုင်ကားလမ်းမတစ်လျှောက်တွင် ခရီးသည်တင်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံရသည့်ဖြစ်စဉ် လေးခုထက်မနည်းရှိခဲ့သည်။

ယင်းဖြစ်စဉ်များတွင် ကလေးနှစ်ဦးအပါအဝင် သုံးဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့ကြောင်း ဒေသခံတို့၏ပြောပြချက်အရ သိရသည်။

သထုံမြိုနယ် ရန်ကုန်-အဝေးပြေးလမ်းမတလျှောက်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။