သရက်ချောင်း၊ ဘုတ်တောင်ရွာအနီး စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

0
3062

သရက်ချောင်းမြို့နယ်၊ ဘုတ်တောင်ရွာအနီး ၄၇ မိုင်နှင့် ၄၈ မိုင်အကြားတွင် စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်း ဒီဇင်ဘာလ ၂၉ ရက် ညနေ ၄နာရီဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံအချို့က ပြောသည်။

အင်အား ၇၀ ခန့်ရှိသည့် အဆိုပါစစ်ကြောင်းသည် သေနတ်များပစ်ဖောက်ကာ ပုလောဘက်ကို သွားနေခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရကြောင်း ဒေသခံအချို့က ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့်ကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကမူ ညနေ ၅ နာရီအထိ ပစ်ခတ်နေခဲ့ကြောင်း ဒေသခံအချို့ထံ၏ ပြောပြချက်အရ သိရသည်။

“ပစ်သံတွေကတော့ ညနေအထိ ကြားရတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုရှိသည်ဟု ကြားသိရသော်လည်း မည်မျှထိခိုက်သွားသည်ကိုမူ တိတိကျကျ မသိကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုအား မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိရသေးပေ။

ဒီဇင်ဘာလ ၂၈ ရက် ညနေ ၅ နာရီခန့်ကလည်း စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်းတစ်ခုသည် သရက်ချောင်းမြို့နယ် သိမ်ကုန်းကျေးရွာ သိမ်ကုန်းရေတံခွန်လမ်းဝအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်။

ယင်းတိုက်ခိုက်မှုကို ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့၊ ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့၊ အဖြူရောင်ရိန်းဂျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က ဒီဇင်ဘာလ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ၁၀ မိနစ်ခန့်ကြာ နှစ်ဖက်အပြန်အလှန်ပစ်ခဲ့ကြပြီး စစ်ကောင်စီဘက်က ခြောက်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။