ပလမြို့အနီးတဝိုက်တွင် တိုက်ပွဲဆက်ဖြစ်၊ ကျေးရွာသုံးရွာတွင် မီးလောင်

0
3212
သင်္ကန်းတောရွာ၌ ယနေ့မွန်းလွဲပိုင်းတွင် မီးလောင်နေမှုအခြေအနေ။ Photo - သင်္ကန်းတောရွာပကဖ(ပုလော)

မြိတ်ခရိုင်၊ ပလမြို့အနီးတစ်ဝိုက်တွင် တိုက်ပွဲများ ယနေ့ မွန်းလွဲ ၃ နာရီခွဲအထိဆက်လက်ဖြစ်ပွားနေသေးပြီး နေအိမ်မီးလောင်သည့် နေရာများလည်း ထပ်တိုးလာကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၃၀ ရက် နံနက် ၁၀ နာရီမှစတင်ပြီး တိုရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ် တို့အကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး တိုရွာရှိနေအိမ်အချို့ မီးရှို့ခံရကြောင်း ဒေသခံများက ပြောသည်။

မွန်းလွဲ ၃ နာရီတွင်မူ မီးခိုးလုံးများ မမြင်ရတော့ကြောင်း ၎င်းတို့က ဆိုသည်။

ယင်းနောက် စစ်ကောင်စီတပ်က တန်းရှင်းရွာနှင့် သင်္ကန်းတောရွာများသို့လည်း ဝင်ရောက်နေကြောင်း
ဒေသခံများက ပြောဆိုသည်။

“သင်္ကန်းတော ရွာလယ်ကအိမ် အခုမီးစလောင်နေပြီ။ လက်နက်ကြီးပစ်သံ၊ မိုင်းကွဲသံတွေလည်း အခုထိ ကြားနေရတုန်းပဲ” ဟု ထွက်ပြေးနေရသည့် ဒေသခံတစ်ဦးက မွန်းလွဲ ၃ နာရီခွဲခန့်က ပြောသည်။

ယင်းအပြင် တန်းရှင်းရွာထိပ်မှ ဆီဆိုင်တစ်ဆိုင်နှင့် ဆန်စက်တစ်လုံးလည်း မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများက ပြောဆိုသည်။

“ကျွန်တော်တို့လည်း အကုန်ထွက်ပြေးနေရတယ်။ ရွာအခြေအနေ ဘာမှမသိရဘူး။ တစ်ရွာလုံး အိမ်ဘယ်လောက် မီးထဲပါသွားလည်း မသိရသေးဘူး” ဟု တိုရွာဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် တိုရွာ၊ သင်္ကန်းတောရွာ၊ ကဒဲရွာအပါအဝင် အနီးအနားကျေးရွာမှ ဒေသခံများ ဘေးလွတ်ရာသို့
ထွက်ပြေးနေရကြောင်း ၎င်းတို့ထံမှ သိရသည်။

တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။