အလုပ်သွင်းပေးမည်ဟု ထိုင်းဘက်က ကတိပေးသော်လည်း ဆန္ဒပြမြန်မာသုံးထောင်ကျော်အလုပ်မရ

0
2797

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်တွင် ပီမိုင်နှစ်သစ်ကူးမတိုင်မီ အလုပ်သွင်းပေးမည်ဟု ထိုင်းအာဏာပိုင်များက လက်မှတ်ထိုး ကတိပေးထားသော်လည်း ဆန္ဒပြ မြန်မာအလုပ်သမား ၃၃၀၀ ကျော် အလုပ်မရကြောင်း အလုပ်သမား ကူညီစောင့်ရှောက်ရေး AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

ဆန္ဒပြတောင်းဆိုသည့် အလုပ်သမား ၃၇၅၀ အနက် လေးရာဝန်းကျင်ကိုသာ အလုပ်သွင်းပေးခဲ့ပြီး ကျန် ၃၃၀၀ ကျော်မှာ ဒီဇင်ဘာလ ၂၇ ရက်အထိ အလုပ်မရသေးကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ထိုင်းနှင့် မြန်မာ ပွဲစားများက အလုပ်ရှာပေးမည်ဟုဆိုကာ မြန်မာအလုပ်သမား ၃၇၀၀ ကျော်ထံမှ ဘတ်ငွေ သန်းနှင့်ချီ တောင်းယူထားပြီး လနှင့်ချီကြာသည်အထိ အလုပ်မရသဖြင့် ဒီဇင်ဘာလ ၉ ရက်တွင် အလုပ်သမားများသည် စမွတ်စခွန်ခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးရှေ့၌ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ထို့နောက် အလုပ်သမားများကို နှစ်သစ်ကူးကာလမတိုင်မီ ဒီဇင်ဘာလအတွင်း အလုပ်သွင်းပေးမည်ဟု ထိုင်းအာဏာပိုင်များဘက်က ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် လက်မှတ်ထိုး ကတိပေးခဲ့သည်။

လက်မှတ်ထိုးရာတွင် မြန်မာအလုပ်သမားအဖွဲ့အစည်းများနှင့်အတူ ထိုင်းခရိုင်အလုပ်သမားရုံးမှ တာဝန်ရှိသူများ၊ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး၊ အလုပ်အကိုင်ရှာဖွေရေးရုံး၊ လူဝင်မှုကြီးကြပ်ရေးရုံး၊ နယ်မြေခံ ရဲတပ်ဖွဲ့နှင့်အတူ ထိုင်းလုံစင်စက်ရုံက တာဝန်ရှိသူများကိုယ်တိုင် လက်မှတ်ထိုးကတိပေးထားခဲ့ခြင်း ဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။

သို့သော် ယနေ့အထိ အလုပ်သမား ၄၀၀ ဝန်းကျင်သာ အလုပ်ရပြီး ကျန်အလုပ်သမားများကို နှစ်သစ်မကူးမီ အလုပ်မသွင်း ပေးနိုင်တော့ဟု ဒီဇင်ဘာလ ၂၅ ရက်က အစည်းအဝေးတွင် ထိုင်းအာဏာပိုင်များ ပြောဆိုခဲ့ကြောင်း AAC မဟာမိတ်အဖွဲ့မှ ဦးခိုင်ကြီးက ဆိုသည်။

“မနေ့က ထိုင်းလုံစင်စက်ရုံဘက်က ဒီနှစ်အတွင်းတော့ မသွင်းပေးနိုင်တော့ဘူးလို့ပြောတယ်။ နှစ်သစ် နောက်လ ၄ ရက်နေ့ကနေစပြီး တစ်ရက်ကို ၅၀၀ လောက်သွင်းပေးမယ်လို့ နှုတ်နဲ့ပဲ ပြောသွားတာရှိတယ်” ဟု ၎င်းက ဆိုသည်။

နှုတ်ဖြင့်သာ ကတိပေးထားသဖြင့် အလုပ်ရမရ ဆက်လက် စောင့်ကြည့်ရဦးမည်ဟု ဦးခိုင်ကြီးက ပြောဆိုသည်။

မြန်မာအလုပ်သမားများသည် ပန်းရောင်ဘတ်ဟုခေါ်သည့် ယာယီနေထိုင်အလုပ်လုပ်ခွင့်လက်မှတ်လုပ်ရန် အမည်စာရင်း (Name List) ကို ပွဲစားဖြင့် လျှောက်ထားခဲ့ကြသော်လည်း ပွဲစားက မလျှောက်ပေးဘဲ လျှောက်ထား သည်ဟုဆိုကာ အမည်စာရင်းအတုကို ပေးထားခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။

အမည်စာရင်းအတုဖြစ်နေသည်ဟုဆိုကာ အလုပ်သမားများ၏ ၂၅ ရာခိုင်နှုန်း ဦးရေ ကိုးရာကျော်မှာ အလုပ်ရရန် အခက်အခဲကြုံနေရကြောင်း ဦးခိုင်ကြီးက ပြောသည်။

“အခုပြဿနာထပ်ဖြစ်နေတာက နေထိုင်ခွင့်အတွက် ထိုင်းပွဲစားနဲ့ မြန်မာပွဲစားတွေ တင်ပေးထားတဲ့ Name List တွေက အတုတွေဖြစ်နေတာပဲ။ ဒီအချက်နဲ့ပဲ အလုပ်မသွင်းပေးနိုင်တော့ဘူးဆိုပြီး အငြင်းခံရတာ” ဟု ၎င်းက ဆိုသည်။

Name List စာရင်းအတုဖြစ်နေသော ကိစ္စအတွက် စက်ရုံ၊ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးနှင့် ထိုင်း၊ မြန်မာ ပွဲစားများက တာဝန်ယူမှုမရှိကြဘဲ မြန်မာအလုပ်သမားများကို ပြန်လည်အရေးယူမည့် ပုံစံကဲ့သို့ ဖြစ်နေသဖြင့် အကူအညီများစွာ လိုအပ်နေကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။

TUF ထိုင်းလုံစင်ငါးသေတ္တာစက်ရုံတွင် အလုပ်သွင်းပေးမည်ဟုဆိုကာ ထိုင်းနှင့် မြန်မာပွဲစားများပေါင်း၍ မြန်မာ အလုပ်သမားတစ်ဦးလျှင် ဘတ် ၆၅၀၀ မှ ၂၂၀၀၀ အထိ ကောက်ခံထားရာ စုစုပေါင်း ဘတ် ငါးသန်းကျော် (သိန်းလေးထောင်) အထိရှိနိုင်ကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။

မြန်မာအလုပ်သမားအဖွဲ့အစည်းများက ပြေလည်မှုမရမချင်း ဖြေရှင်းသွားမည်ဖြစ်ပြီး နေထိုင်ခွင့်ရရှိသူများကို အလုပ်အမြန်ဆုံး သွင်းပေးရန်နှင့် နေထိုင်ခွင့် အတုဖြစ်နေသူများကို ပိုက်ဆံပြန်လည်ပေးအပ်ရန် ဆက်လက်ေ တာင်းဆိုသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။