ကန့်သတ်ဖိနှိပ်မှုများနှင့်အတူ မြင်မြင်ရာ ကြောက်နေရသည့် ထားဝယ်မြို့

0
3741

စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်နီးပါးကြာလာချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်များ၏ ခုခံတော်လှန်စစ်မှာလည်း အရှိန်မြင့်လာနေသည်။

ယခင်က မြို့ပြနှင့် ဝေးသည့်ဒေသများတွင်သာ ခုခံတော်လှန်နေရာမှ လက်ရှိတွင် မြို့ပြနေရာများအထိပါ စစ်ရိပ်သန်းလာသည်။

တနင်္သာရီတိုင်းအတွင်းရှိ မြို့ပြနေရာအချို့နှင့် ကျေးလက်ဒေသများတွင်လည်း နှစ်ဘက်တိုက်ပွဲများ ယခင်ထက် ပိုမိုအဖြစ်များလာသည်။

ထားဝယ်ဒေသတွင်လည်း ပစ်ခတ်တိုက်ခိုက်မှုများနှင့် မိုင်းဆွဲတိုက်ခိုက်မှုများ ခပ်စိပ်စိပ်ဖြစ်လာသည်။

ထို့သို့သော အခင်းအကျင်းတွင် ထားဝယ်မြို့ပေါ်၌ စစ်ကောင်စီက  ဆိုင်ကယ်ဖမ်းဆီးမှု၊ အခြေခံစားသောက်ကုန်နှင့် အနွေးထည်သယ်ယူခွင့် ကန့်သတ်မှုနှင့် ဧည့်စာရင်းစစ်ခြင်းကို ယခင်အချိန်ထက် ပိုမိုတင်းကျပ်လာသည်။

ယင်းသို့ တင်းတင်းကျပ်ကျပ်ဖိနှိပ်နေသည်မှာ လအနည်းငယ်ကြာမြင့်နေပြီဖြစ်ပြီး ဒေသနေပြည်သူများမှာ စားဝတ်နေရေးအခက်အခဲ၊ သွားလာရအခက်အခဲနှင့် စိတ်မလုံခြုံမှုများ ခံစားလာကြရသည်။

စားသောက်ကုန် သယ်ခွင့်ကန့်သတ်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်လေ့ရှိသည့် ထားဝယ်အရှေ့တောနယ်သို့ ဆန်၊ ခေါက်ဆွဲခြောက်၊ စားသုံးဆီနှင့် အနွေးထည် စသည့် အခြေခံလူသုံးကုန်ပစ္စည်းများ သယ်ယူခွင့်ကို စစ်ကောင်စီက ကန့်သတ်ထားသည်။

ယခင်က ဆန်နှင့် စက်သုံးဆီကဲ့သို့သော ပစ္စည်းအချို့သာ ကန့်သတ်ထားရာမှာ လက်ရှိတွင် အခြားပစ္စည်းများကိုပါ ကန့်သတ်လာခြင်းဖြစ်ကြောင်း အရှေ့တောဒေသနေသူအချို့က ပြောသည်။

ထားဝယ်မြို့မှ အရှေ့တောနယ်သို့သွားရာလမ်းတွင်ရှိသည့် ဗျောတောဝဂိတ်၊ ရှစ်မိုင်ဂိတ်တို့တွင် စစ်ဆေးကန့်သတ်နေ ကြောင်း ၎င်းတို့က ဆိုသည်။

စစ်ကောင်စီတပ်ဂိတ်များက ဆန်သယ်ခွင့်ကို အကန့်အသတ်ဖြင့် ခွင့်ပြုနေရာမှ ဆောင်းရာသီဝင်ချိန်တွင် အနွေးထည်ကဲ့သို့ လူ့အသုံးအဆောင်များ သယ်ယူခွင့်ကိုပါ လုံးဝကန့်သတ်လိုက်ကြောင်း အရှေ့တောနယ်သို့ ပြေးဆွဲနေသည့် ယာဉ်မောင်းများနှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက ဆိုသည်။

“အခုဆောင်းရာသီဝင်ကတည်းက ကန့်သတ်လိုက်တာ။ လူတွေရဲ့ အသက်ရှင်ရပ်တည်ခွင့်ကို ခြိမ်းခြောက်လာသလို ခံစားရတယ်”ဟု အထက်ပါ အမျိုးသားက ပြောသည်။

ဆန် အပါအဝင် အနွေးထည်ကဲ့သို့သော ပစ္စည်းများတွေ့ရှိပါက စစ်ကောင်စီတပ်သားများက သိမ်းဆည်းလေ့ရှိပြီး အခန့်မသင့်ပါက ယာဉ်မောင်းဖြစ်သူကို ဝါယာကြိုးဖြင့် ရိုက်နှက်လေ့ရှိကြောင်း အရှေ့တောဒေသနေ အခြားအမျိုးသားတစ်ဦးက ဆိုသည်။

ထားဝယ်အရှေ့တောဒေသ အပါအဝင် ထားဝယ်ခရိုင်အတွင်းရှိ ကျန်သည့်မြို့နယ်များတွင်လည်း ဆန်သယ်ခွင့် ကန့်သတ်ခံထားရသည်။

ဆိုင်ကယ်ဖမ်းနေခြင်း

အာဏာသိမ်းပြီး ၁၉ လခန့်အကြာတွင် ထားဝယ်ဒေသ၌ ‘စည်းကမ်းမဲ့’ သည်ဟုအကြောင်းပြကာ စစ်ကောင်စီက ဆိုင်ကယ်ဖမ်းဆီးခြင်းကို ခပ်စိပ်စိပ် လုပ်ဆောင်လာသည်။

၂၀၁၅ မော်တော်ယာဉ်ဉပဒေပါ အချက်များကို ဖောက်ဖျက်သည်ဟုဆိုကာ ယခုနှစ် ဩဂုတ်လခန့်မှစကာ ပရမ်းပတာဖမ်းဆီးနေကြောင်း ထားဝယ်မြို့ခံအချို့က ဆိုသည်။

‘စကပ် ဂါဝန်ဖြင့် မစီးရ’ ၊ ‘အိမ်မွေးတိရစ္ဆာန်တင်ပြီး မစီးရ’ ယင်းသို့စီးလျှင်ဖမ်းသည်။

ယင်းထက်ဆိုးသည်မှာ ဆိုင်ကယ်စီးချိန် ဖိနပ်မပါ၍ဟုဆိုကာ ဖမ်းခြင်းပင်ဖြစ်သည်။

ယခင်က လမ်းဆုံ လမ်းခွများတွင် ဖမ်းဆီးနေရာမှ လက်ရှိတွင်မူ အဖွဲ့ငယ်များခွဲပြီး နေရာတိုင်းတွင် ဖမ်းဆီးနေသလို ကားဖြင့်သွားနေသည့် ရွေ့လျား(လှည့်ကင်း)ပုံစံဖြင့်ပါ ဖမ်းနေသည်။

ဆိုင်ကယ်ဖမ်းရာတွင်လည်း မုဒိမ်းမှု၊ ဓားပြမှု ကျူးလွန်ထားသည့် ရာဇဝတ်သားကိုဖမ်းသည့် ပုံစံဖြင့် သေနတ်ဖြင့် ချိန် ဖမ်းလေ့ရှိသည်။

အချို့နေရာများတွင် အဖမ်းမခံဘဲ မောင်းပြေးပါက ပစ်ခတ်ဖမ်းဆီးမှုများပင် ပြုလုပ်နေကြောင်း မြို့ခံများက ပြောသည်။

ဆိုင်ကယ်ဆိုသည်မှာ ထားဝယ်မြို့ခံများအတွက် သွားလာရေးတွင် အဓိကသုံးသည့် ယာဉ်ဖြစ်ပြီး ဆိုင်ကယ်မရှိ၍မဖြစ်။ ဆိုင်ကယ်စီးခြင်းအပေါ် အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုများမှာ မြို့ခံများအတွက် စိတ်မလုံခြုံမှုနှင့် ကြောက်စိတ်များဖြစ်ပေါ်စေသည်။

“သူတို့က နေ့တိုင်းဖမ်းနေတော့ လူတွေလည်း တော်ရုံနဲ့ အပြင်မထွက်ကြတော့ဘူး။ အခုဆို ဘာဖြစ်လာလဲဆို ဈေးထဲမှာလည်း လာဝယ်တဲ့သူတွေ မရှိသလောက်ပဲ။ ဈေးသည်တွေဆို မရောင်းရတဲ့ရက်တွေချည်း ဖြစ်လာတယ်”ဟု ထားဝယ်မြို့နေ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် ယာဉ်စည်းကမ်းဖောက်ဖျက်သည်ဆိုကာ ဖမ်းဆီးနေသူများမှာ စစ်မှုထမ်းဟောင်းများ ပါဝင်နေပြီး ၎င်းတို့မှာ စစ်ကောင်စီတပ်သားကဲ့သို့ ယူနီဖောင်းအပြည့်အစုံဝတ်ဆင်ထားကြောင်း အထက်ပါ အမျိုးသားက ဆိုသည်။

“ခြေတုတပ်ထားသူတွေလည်းပါတယ်။ သူတို့က ပိုဆိုးနေတာ”ဟု ၎င်းက ပြောသည်။

အဆိုပါဖမ်းဆီးသည့်အဖွဲ့တွင် ယာဉ်ထိန်းရဲများက ကားဖြင့်လိုက်ပါနေပြီး ချလံဖြတ်ကာ ၎င်းတို့ရုံးသို့ လာရောက်ရန် ချိန်းဆိုကြောင်း မြို့ခံအချို့က ဆိုသည်။

အထက်ပါ စည်းကမ်းချက်များအပြင် လက်ရှိတွင် စည်ပင်သာယာရေးအဖွဲ့ထံ ပေးဆောင်ရသည့် ဘီးခွန်မရှိပါကလည်း ဖမ်းဆီးနေသည်။

လက်ရှိတွင်မူ ဘီးခွန်မရှိပါက အဖမ်းအဆီးကြမ်းနေသည့်အတွက် ထားဝယ်မြို့နယ် စည်ပင်သာယာရုံးအရှေ့တွင် ဘီးခွန်ဆောင်သူများဖြင့် ကြိတ်ကြိတ်တိုးနေသည်။

ယခင်ကမူ ယာဉ်သက်တမ်းတိုးချိန်တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)တွင်ပင် ဘီးခွန်ကို တစ်ပါတည်းကောက်ခံလေ့ရှိသည်။

“ဘီးခွန်ဆိုပြီး ဖမ်းလွန်းလို့ သွားဆောင်လိုက်တာ တစ်နပ်စာ(နေ့တစ်ဝက်)တောင် ကြာသွားတယ်”ဟု အခြားမြို့ခံတစ်ဦးက ပြောသည်။

ဘီးခွန်အဖြစ် ဆိုင်ကယ်တစ်စီးလျှင် ၆၀၀၀ ကျပ်နှင့် သုံးဘီးတစ်စီးလျှင် ၇၀၀၀ ကျပ် ပေးဆောင်နေရသည်ဟု ဆိုသည်။

ဧည့်စာရင်း

မြို့ပေါ်ရပ်ကွက်အချို့တွင် ဧည့်စာရင်းအကြောင်းပြကာ ညဘက်စစ်ဆေးမှုများ လတ်တလော များပြားနေသည်။

ယူနီဖောင်းဝတ်ဆင်ထားသည့်အဖွဲ့က စစ်ဆေးမှုများရှိသကဲ့သို့ အရပ်ဝတ်ဖြင့် မျက်နှာဖုံးအမည်းရောင်စွပ်ကာ သေနတ်ကိုင်ထားသူများကလည်း ဧည့်စာရင်း စစ်ဆေးသည်မျိုးရှိကြောင်း မြို့ခံများက ပြောသည်။

ဧည့်စာရင်းစစ်ရာတွင်လည်း တစ်အိမ်တက် တစ်အိမ်ဆင်း အသေးစိတ် တိုက်ဆိုင်စစ်ဆေးခြင်းမဟုတ်ဘဲ ၎င်းတို့ သတင်းရထားသည့် အနီးတဝိုက်က နေအိမ်အချို့ကို အသေးစိတ် စစ်ဆေးနေကြောင်း မြို့ခံအချို့က ပြောသည်။

စစ်ကောင်စီတပ်နှင့် စစ်တပ်သတင်းပေးဆိုသူများကို ရှင်းလင်းနေသည့် မြို့ပြမြေအောက် တော်လှန်ရေးအဖွဲ့ဝင်များကို ဖမ်းဆီးနိုင်ရေးအတွက် ယင်းကဲ့သို့ ဧည့်စာရင်းစစ်နေကြောင်း မြို့ခံအချို့က ထင်မြင်နေကြသည်။

ယင်းသို့ ဧည့်စာရင်းစစ်ရာတွင်လည်း အိမ်ထောင်စုစာရင်းနှင့် လူဦးရေကို တိုက်ဆိုင်စစ်ဆေးသည့်အပြင် ၎င်းတို့မသင်္ကာပါက အိပ်ခန်းအတွင်းအထိ ဝင်ရောက်စစ်ဆေးနေကြောင်း မြို့ပေါ်ရပ်ကွက်နေ အမျိုးသားတစ်ဦးက ဆိုသည်။

 “ကျွန်တော်တို့အိမ်မှာ လာစစ်တုန်းကဆိုရင် အိမ်ပေါ်အထိ တက်ပြီးစစ်တယ်။ ခြင်ထောင်ထဲမှာ ကလေးအိပ်နေတာကို ခြင်ထောင်ကိုပါ ခြေထောက်နဲ့ လှန်ကြည့်တယ်၊ သူတို့ရဲ့ စစ်ဖိနပ်လည်း ချွတ်မထားဘူး၊ ခြင်ထောင်ထဲက ကလေးကိုတောင် တက်မနင်းမိတာကံကောင်း” ဟု ၎င်းက ပြောသည်။

ညမထွက်ရအမိန့်

ထားဝယ်ဒေသတွင် ညမထွက်ရအချိန်ကို ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ်ထားသည်။

ထိုသို့ သတ်မှတ်ထားသော်လည်း ည ၇ နာရီခန့်ရောက်ချိန်တွင် လမ်းမပေါ် လူအသွားအလာ မရှိသလောက် နည်းသွားပြီး တိတ်ဆိတ်ခြောက်ကပ်နေလေ့ရှိသည်။

စစ်ကောင်စီတပ်ကလည်း ညနေစောင်း မှောင်ရိပ်ပျိုးချိန်မှစကာ အရပ်ကား၊ စစ်ကားများဖြင့် လှည့်လည်နေလေ့ရှိသည်။

တစ်ခါတစ်ရံ လမ်းဆုံလမ်းခွများတွင် စစ်ဆေးမှုများရှိပြီး အခန့်မသင့်ပါက သေနတ်ဖြင့် ပစ်ခတ်လေ့ရှိကြောင်း မြို့ခံများက ဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ထားဝယ်မြို့လယ်ခေါင်ဖြစ်သည့် ရွှေပလောင်လမ်းဆုံအနီးတွင် ဆိုင်ကယ်စီးအမျိုးသားတစ်ဦးကို ပစ်ခတ်ဖမ်းဆီးခဲ့သည်။

ည ၈ နာရီခန့်တွင် စစ်ကောင်စီ၏ အရပ်ဝတ်လက်နက်ကိုင်များက ကားပေါ်မှ ပစ်ခတ်ခဲ့ကြောင်း မျက်မြင်တွေ့သူ တစ်ဦးက ဆိုသည်။

ထိုအခင်းအကျင်းများကြောင့် ညမထွက်ရအချိန်အား ည ၁၀ နာရီသတ်မှတ်ထားသော်လည်း နေဝင်မိုးချုပ်သည်နှင့် မြို့ပေါ်လမ်းများတွင် သွားလာသူမရှိဘဲ တစပြင်အလား တိတ်ဆိတ်သွားတော့သည်။

သတ်ဖြတ်မှုများ

တနင်္သာရီတိုင်း၏ မြို့တော်ဖြစ်သည့် ထားဝယ်မြို့အတွင်းမှာ ပစ်ခတ်သတ်ဖြတ်မှုများ ရှိလာသည်။

ပြီးခဲ့သည့်လက PDF တစ်ဦး၏ ဖခင်ဖြစ်သည့် ကြက်စားပြင်ရပ်ကွက်နေ အမျိုးသားတစ်ဦးကို အရပ်ဝတ်လက်နက်ကိုင်အဖွဲ့က နေအိမ်တွင်လာရောက်ဖမ်းဆီးခဲ့ပြီး နောက်တစ်ရက်တွင် လက်ပြန်ကြိုးတုပ်ထားသည့် အလောင်းကို လမ်းမဘေး၌ စွန့်ပစ်ထားခဲ့သည်။

ယင်းအမျိုးသားကို စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့က ဖမ်းဆီးသတ်ဖြတ်သည်ဟု မြို့ခံအများစုက ယူဆနေကြသည်။

ထိုအသတ်ခံရသည့် ဇနီးဖြစ်သူမှာလည်း ထားဝယ်မြို့ရှိ ကမ်းနားဈေးတွင် ဈေးရောင်းနေချိန် ယခုနှစ်မေလအတွင်းက သေနတ်ဖြင့် ပစ်သတ်ခံထားရသည်။

တစ်ဘက်တွင်လည်း စစ်ကောင်စီသတင်းပေး သို့မဟုတ် စစ်ကောင်စီဘက်တော်သားဟုဆိုကာ ပစ်ခတ်သတ်ဖြတ်မှုများလည်း ရှိနေသည်။

စစ်ကောင်စီဒေါက်တိုင်(ပျူစောထီး) ဟု ဆိုသည့် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးမင်းထွေးမှာလည်း ထားဝယ်မြို့အတွင်းတွင်ပင် ပစ်သတ်ခံလိုက်ရသည်။

စစ်ကောင်စီ၏ သတင်းပေးဒလန်ဟုဆိုကာ ပြည်သူ့ကာကွယ်ရေးတပ်များက ပစ်ခတ်သတ်ဖြတ်မှု အခြားဖြစ်စဉ်များလည်း ရှိနေသည်။

ယင်းကဲ့သို့ နှစ်ဘက်စလုံး၏ ဖမ်းဆီး ပစ်ခတ်ရှင်းလင်းသည့် ဖြစ်စဉ်များကြောင့် ကျီးလန့်စာစားရသည့် အခြေအနေဖြစ်နေကြောင်း ဒေသခံများက ဖွင့်ဟကြသည်။

ခြိမ်းခြောက်ငွေတောင်း၊ ဓားပြတိုက်

ထားဝယ်မြို့ပေါ်တွင် ခြိမ်းခြောက်ငွေတောင်းခြင်းနှင့် ဓားပြတိုက်ခံရမှုများ ဆက်တိုက်လိုပင်ဖြစ်ပေါ်နေကြောင်း မြို့ခံအချို့က ဖွင့်ဟကြသည်။

ဓားပြတိုက်ခံရသူများမှာ အသက်အန္တရာယ်ခြိမ်းခြောက်ခံထားရသဖြင့် ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ကြသည်။

ယင်းအပြင် ဖုန်းဆက် ခြိမ်းခြောက်ငွေတောင်းခံသည့် ဖြစ်စဉ်များလည်းရှိနေသည်။

လက်နက်ကိုင်အဖွဲ့တစ်ခုမှ ဗိုလ်ကြီးဟုဆိုကာ ထားဝယ်မြို့မှ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးထံ ဖုန်းဆက်ခြိမ်းခြောက်ပြီး ငွေကျပ်သိန်းဆယ်ချီ တောင်းခံသည့်ဖြစ်စဉ်တစ်ခုကို ကာယကံရှင်ကိုယ်တိုင် အတည်ပြု ပြောဆိုထားသည်။

ခိုးဆိုး လုယက်မှုများမှာ မြို့အတွင်း လူစည်ကားရာနေရာများတွင်ပင် ပေါ်ပေါ်တင်တင် လုပ်ဆောင်လာကြသည်။

ပြီးခဲ့သည့်လပိုင်းက ထားဝယ်မြို့ကမ်းနားလမ်းတွင် ဆိုင်ကယ်စီးလာသည့်အမျိုးသမီးတစ်ဦးကို နေ့ခင်းကြောင်တောင် လုယက်မှုတစ်ခုဖြစ်ပွားခဲ့ဖူးသည်။

ရပ်ထားသည့်ဆိုင်ကယ်ပျောက်မှုကဲ့သို့သော ခိုးမှုများလည်းမကြာခဏဖြစ်ပွားနေသဖြင့် ဒေသခံများအဖို့ အခိုးခံရသည်မှာ အထူးအဆန်းမဟုတ်တော့သည့် အနေအထားဖြစ်နေသည်။

စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြကာ မြို့ပေါ်တွင် တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖိနှိပ်နေချိန်တွင် ဓားပြမှု၊ ခြိမ်းခြောက်ငွေတောင်းမှု၊ လုယက်မှု၊ ခိုးမှုများပိုမို များပြားလာနေသည်။

ယင်းအပေါ်မြို့ခံများပင် နားမလည်ကြ၊ လုံခြုံရေးတင်းကျပ်ထားချိန်တွင် မည်သူတို့က ခိုး၊ဆိုး၊လု၊နှိုက် နေကြသနည်း။

မြို့ခံများကတော့ အားလုံးကိုကြောက်နေရသည်။

ထမင်းနပ်မှန်အောင်စားနိုင်ရေး ရုန်းကန်နေရသလို အသက်မသေရေးလည်း ဂရုစိုက်နေရသည်။

အထက်ပါ အခင်းအကျင်းများမှာ ပြည်သူကာကွယ်ရေးတပ်နှင့် ထိတွေ့တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်လာသည့်အတွက် တစ်ဖက်တွင် မြို့နေလူထုကို စစ်ကောင်စီတပ်က အကြောက်တရား ရိုက်သွင်းနေခြင်းဖြစ်ကြောင်း ထားဝယ်မြို့ခံများက ယူဆနေကြသည်။

“ဒီလိုနေရာတကာမှာ ဖြဲခြောက်ထားရင် ပိုပြီးထိန်းရလွယ်လိမ့်မယ်လို့ သူတို့က ယူဆထားပုံရတယ်”ဟု ထားဝယ်မြို့နေ အမျိုးသားက ပြောသည်။