ထိုင်းတောင်ပိုင်းတွင် တရားမဝင် မြန်မာလုပ်သား ၃၅ဦးနှင့် မူးယစ်ဆေးနှစ်ကီလို အဖမ်းခံရ

0
2920

ထိုင်းနိုင်ငံတောင်ပိုင်း ပရာကျွတ်ခီရီခန်ခရိုင်တွင် တရားမဝင်လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၃၅ ဦးကို ဒီဇင်ဘာလ ၂၆ရက်တွင် ဖမ်းမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ယင်းအနက် အလုပ်သမားတစ်ဦး၏ ကျောပိုးအိတ်တွင် ဘတ် နှစ်သန်းကျော်တန်ဖိုးရှိသော ICE မူးယစ်ဆေးဝါး နှစ် ကီလိုခန့်ကို တွေ့ရှိသည်ဟု ဖော်ပြသည်။

ပရာကျွတ်ခီရီခန်ခရိုင် ထပ်စကေးဒေသ ဖက်ကဆန်လမ်းမပေါ်ရှိ ဟွေးယန်းရဲစခန်းရှေ့ စစ်ဆေးဂိတ်အနီးတွင် ပစ်ကပ်ကားနှစ်စီးသည် လမ်းကြောင်းပြောင်းကာ ဟွေးယန်းဘုန်းကြီးကျောင်းလမ်းသို့ ဝင်သွားသဖြင့် ရဲတပ်ဖွဲ့က နောက်က လိုက်စစ်ခဲ့ကြောင်း ရေးသားထားသည်။

ယင်းသို့ စစ်ဆေးသောအခါ ကင်းဗက်အပိုင်းဖြင့် ကားအနောက်စတီးတန်းအပေါ်အထိ ဖုံးထားသော ပစ်ကပ်ကားနှစ်စီးကို တွေ့ရှိခဲ့ရပြီး မြန်မာအလုပ်သမား အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၈ ဦးနှင့်အတူ ထိုင်းနိုင်ငံသား ၆ ဦးတို့ကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြသည်။

ယင်းအနက် အသက် ၂၇ နှစ်အရွယ်ရှိ မြန်မာအလုပ်သမားတစ်ဦးတွင် ကျောပိုးအိတ်အတွင်း၌ မူးယစ်ဆေးဝါးတွေ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။  

မြန်မာအလုပ်သမားများသည် ရန်ကုန်၊ ရခိုင်နှင့် ထားဝယ်မြို့တို့မှ လာကြခြင်းဖြစ်ပြီး တစ်ဦးလျှင် ဘတ် ၂၀၀၀၀ ကျော် ကုန်ကျမည်ဖြစ်ကာ အချို့သည် စူရတ်ဌာနီခရိုင်နှင့် အချို့သည် မလေးရှားနိုင်ငံသို့ သွားရောက်လုပ်ကိုင်ရန် ဝင်လာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

တရားမဝင် ဝင်ရောက်ရာတွင် ကူညီပေးသော ထိုင်းနိုင်ငံသားများနှင့်အတူ မြန်မာနိုင်ငံသားများကို ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းတွင် ရေးသားထားသည်။

မူးယစ်ဆေးဝါးတွေ့ရှိခဲ့သူ မြန်မာအလုပ်သမားကို မူးယစ်ဆေးဝါးတွေ့ရှိမှု၊ တရားမဝင်သယ်ယူခဲ့မှုတို့ဖြင့် ထပ်မံအရေးယူခံရမည်ဖြစ်ကြောင်း ဖော်ပြသည်။

Ref: MGR Online, MSN