ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
3162

ပြီးခဲ့သည့် အပတ်က အလှုပ်အခတ်ရှိခဲ့သည့် ရွှေနှင့်ထိုင်းဘတ်ဈေးသည် ယခုအပတ်တွင် ပြန်ငြိမ်နေသည်။

ယခုအပတ်တွင် ဈေးအတက်အကျ အနည်းငယ်သာရှိခဲ့ပြီး ဈေးအီနေသည့် အနေအထားဖြစ်သည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

အီနေသည့် ရွှေဈေး

ယခုအပတ်တွင် အခေါက်ရွှေမှာ ဈေးအီနေပြီး အတက်အကျ အနည်းငယ်သာရှိခဲ့သည်။

ဒီဇင်ဘာလ ၁၉ ရက် (တနင်္လာနေ့) က ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင်  နှစ်ဆယ့်ခြောက်သိန်း ခြောက်သောင်းဖြင့် ဈေးဖွင့်ခဲ့သည်။

ထိုနောက် နောက်နှစ်ရက်အကြာတွင် တစ်ကျပ်သားလျှင် ကျပ်တစ်သောင်းတက်သွားခဲ့သည်။

ယင်းနောက် သောကြာနေ့တွင်မူ ဈေးပြန်ကျသွားပြီး တနင်္လာနေ့ဈေးအတိုင်းပင် ရောင်းချနေသည်။

လက်ရှိ ဈေးအီလွန်းနေသည့် အခေါက်ရွှေသည် နောက်အပတ်တွင်လည်း ယင်းနှုန်းထားအတိုင်းပင် ဆက်ရှိနေမည်ဟု ယူဆကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

“အခုအနေအထားအရတော့ အဲလိုပဲ အီလည်လည်နဲ့ပဲ ဆက်သွားမယ်ထင်တယ်ရှင်”ဟု အထက်ပါ ရွှေဆိုင်ပိုင်ရှင်က ဆိုသည်။

အနည်းအကျဉ်းသာလှုပ်သည့် ဘတ်ဈေး

ယခုအပတ် ထိုင်းဘတ်လဲနှုန်းမှာ အတက်အကျမရှိသလောက်ဖြစ်နေပြီး ငြိမ်နေခဲ့သည်။

တနင်္လာနေ့(ဒီဇင်ဘာလ ၁၉ ရက်)က  ထိုင်းငွေတစ်ဘတ်လျှင် ၈၀ ကျပ်စွန်းစွန်းပေါက်ဈေးရှိခဲ့ပြီး နောက်ရက်များတွင် ပြားစွန်းသာ အတက်အကျ ရှိခဲ့သည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၁၂၄၀ ဘတ် လဲလျှင် မြန်မာငွေကျပ် တစ်သိန်းရမည်ဖြစ်သည်။

ကျပ်ဆယ်ဂဏန်းတက်လာသည့် စက်သုံးဆီဈေး

ရွှေနှင့် ဘတ်ကဲ့သို့ပင် စက်သုံးဆီဈေးလည်းငြိမ်နေရာမှာ  တက်ရိပ်ပြလာခဲ့သည်။

ယခုအပတ် တနင်္လာနေ့ဈေးဖွင့်ချိန်က 92 ဓာတ်ဆီတစ်လီတာလျှင် ၁၉၆၀ ကျပ်ရှိခဲ့သည်။

ထိုနောက် သောကြာနေ့တွင် ဈေးတက်လာပြီး တစ်လီတာလျှင် ၂၀၃၅ ကျပ်ဖြစ်သွားခဲ့သည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့်နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၃၅၀ ကျပ်မှ ကျပ် ၃၂၀၀ ကျော်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

ဈေးအီနေသည့် ပြည်တွင်းရွှေဈေးမှာ လာမည့်အပတ်တွင်လည်း ကြီးမားသည့်အပြောင်းအလဲ မရှိနိုင်ဘဲ လက်ရှိဈေးနှုန်းအတိုင်းပင် ဆက်ရှိနေမည်ဟု ခန့်မှန်းရသည်။

လက်ရှိကမ္ဘာ့ရွှေဈေးမှာ တက်ရိပ်အနည်းငယ်ပြနေပြီး တစ်အောင်စလျှင် ၁၇၉၉ ဒေါ်လာဈေးဖွင့်ထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်နေ့ကမူ ၁၇၉၃ ဒေါ်လာပေါက်ဈေးရှိသည်။

လက်ရှိ ပြည်တွင်းရွှေဈေးကွက်တွင် ဈေးအီနေခြင်း၊ နိုင်ငံရေးအခြေအနေ မတည်ငြိမ်ခြင်းများကြောင့် ဝယ်လိုအား ထင်သလောက် မရှိခဲ့ပေ။

ထိုင်းဘတ်ဈေးမှာလည်း ရွှေဈေးနှင့်အတူ ငြိမ်နေမည့်အနေအထားရှိသော်လည်း ပိတ်ထားသည့်နယ်စပ်ဂိတ်အချို့ ပြန်ဖွင့်ချိန်တွင်မူ အပြောင်းအလဲရှိလာနိုင်သည်။

သို့ရာတွင် ထိုင်း-မြန်မာ နယ်စပ်ဂိတ်ဖွင့်မည့်အရေးမှာ ကောလဟလအနေဖြင့်သာရှိနေသေးပြီး အတည်ပြုထုတ်ပြန်ထားခြင်း မရှိသေးပေ။

ပြည်တွင်းစက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် နိုင်ငံရေးအခြေအနေအပေါ် မူတည်နေသည်။

လက်ရှိကမ္ဘာ့ပေါက်ဈေးမှာ အနည်းငယ်တက်ရိပ်ပြနေသော်လည်း ပြည်တွင်းအခြေအနေနှင့် ဒေါ်လာငွေလဲနှုန်းများကြောင့် ဈေးမငြိမ်ဘဲ ဈေးအတက်အကျ ဆက်ရှိနေမည်ဟု ခန့်မှန်းရသည်။