သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၁)

0
2717
ရတနာဓာတ်ငွေ့ပိုက်လိုင်းလမ်းကြောင်းပေါ်ရှိနေလို့ ခုတ်လဲှခံရဖွယ်ရှိနေတဲ့ သစ်ပင်ကြီးကို ကာကွယ်ပေးဖို့ ဘုန်တော်ကြီးတွေက ဆုတောင်းနေစဉ်။

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၀)

အပိုင်း-၅- (တနင်္သာရီရိုးမပေါ်က ခေတ်သစ်ကိုလံဘတ်များ)

အခန်း-၅၁-

(၁) လက်နက်ကိုင်တော်လှန်ရေးနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု

သဘာ၀ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး (Environmental) ဆိုတဲ့ စကားလုံးဟာ အခုခေတ် လူငယ်တွေအတွက် အသစ်အဆန်း မဟုတ်လောက်ပေမယ့် လွန်ခဲ့တဲ့နှစ် ၂၀ ကျော်၊ ကျနော်တို့ တောစခိုစဉ် အချိန်ကတော့ ဒီ စကားလုံးဟာ ကျနော့်အတွက် လုံး၀ အသစ်အဆန်း ဖြစ်ပါတယ်။ ဒီစကားလုံးနဲ့ ကျနော့်ကို စတင်မိတ်ဆက်ပေးသူကတော့ နှုတ်ခမ်းမွေး ကားကား၊ ပိန်ပိန်ရှည်ရှည်နဲ့ နယူးဇီလန်နိုင်ငံသား Steve Thompson ပါ။

၁၉၈၈၊ ၈၉ က မဲဆောက်မြို့ ဝန်းကျင်မှာအခြေစိုက်ပြီး KNU နယ်မြေထဲက ကျောင်းသားစခန်း ၇-ခု အတွက် ABSDF နယ်မြေ ကော်မတီမှာ တာဝန်ထမ်းစဉ်မှာ သူနဲ့စတွေ့ခဲ့တာပါ။ သူဟာ မာနယ်ပလော အပါဝင် KNU နဲ့ ABSDF စခန်းအတော်များများဆီ လှည့်လည်သွားလာနေသူဖြစ်ပြီး အခုချိန်ထိ နယ်စပ်က သဘာ၀ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး အဖွဲ့တွေနဲ့ လက်တွဲတာဝန်ထမ်း နေဆဲလို့ သိရပါတယ်။

Steve က မိတ်ဆက်ပေးလို့ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးဆိုတာကို စကားလုံးအဖြစ် သိလိုက်ရပေမယ့် လက်တွေ့ သိပ်နားမလည်ပါဘူး။ အကြမ်းအားဖြင့်ကတော့ သံလွင်နဲ့ သောင်ရင်းမြစ်တကျောရှိ KNU ထိမ်းချုပ်နယ်မြေက တောင်တွေမှာ သစ်ပင်တွေ ခုတ်လဲှနေတာတွေ့ရပြီး ထိုင်းဘက်ကမ်းက တောင်တန်းတွေအားလုံး ပေါ်မှာတော့ ကျွန်းသစ်စိုက်ခင်း အသစ်စက်စက်တွေကို တွေ့ရပါတယ်။ ဒီအတွက် မြန်မာဘက်မှာ သဘာဝပတ်ဝန်းကျင် ပျက်စီးနေပြီး ထိုင်းဘက်မှာတော့ ပျက်စီးမှုကနေ တိုးတက်မှုဆီ ချီတက်နေပြီလို့ နားလည် ထားပါတယ်။

တခါ KNU နယ်မြေထဲ ခရီးသွားရင်းနဲ့ အရွယ်အစားမျိုးုစုံ ကျွန်းသစ်တွေကို ထိုင်း သစ်ကုန်သည်တွေက စီးပွားဖြစ် အကြီးအကျယ် ခုတ်ယူနေတာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း KNU သစ်တောဌာနဟာ နယ်စပ်မှာ ဝင်ငွေအကောင်းဆုံးဌာနဖြစ်ပြီး ပဒိုအောင်ဆန်းလို ပုဂ္ဂိုလ်တွေ ထင်ရှားခဲ့တယ်လို့ ထင်ပါတယ်။

ဒါပေမယ့် အပြစ်ပြောဖို့တော့ ခက်ပါတယ်။ တော်လှန်ရေးရန်ပုံငွေအတွက် ရှိတဲ့ သံယံဇာတကို ထုတ်ရောင်းခြင်းမှအပ အခြားဝင်ငွေရနိုင်တဲ့နည်းလမ်းကလည်း သိပ်ရှိလှတာမဟုတ်ပါ။

ကျနော် အနေများတဲ့ KNU တပ်မဟာ-၄၊  မြိတ် – ထားဝယ်ခရိုင် မင်းသမီးဘက်မှာလည်း အခြေအနေက ဗဟိုဘက်နဲ့ သိပ်မထူးပါဘူး။ ဒါပေမယ့် တပ်မဟာ-၄ ဒေသ သစ်တောတာဝန်ခံ ပဒိုဂျင်မီဟာ ထီးခီးစခန်းဝန်းကျင်မှာ ၅-ဧကလောက် အကျယ်ရှိတဲ့ ကျွန်းသစ် စိုက်ခင်းတခု စိုက်ထားပါတယ်။

နောက်တခါ သစ်တောဌာနက ကိုဖရန်ကီ (အခုထိ ချင်းမိုင် အခြေစိုက် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးအဖွဲ့တခုမှာ တာဝန်ထမ်း နေဆဲလို့ သိရပါတယ်) ဦးစီးတဲ့ အဖွဲ့က ထားဝယ်ဒေသရဲ့ အမြင့်ဆုံးတောင်တန်း မြင့်မိုရ်လက်ခတ်တောင်မှာ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော စီမံကိန်းတခု အကောင်ထည် ဖော်ခဲ့တယ်လို့ ကြားသိရပါတယ်။ ဗဟိုဘက်မှာလည်း အလားတူ စီမံကိန်းတွေရှိနိုင်ပြီး ကျနော်မသိတာလည်း ဖြစ်နေနိုင်ပါတယ်။

အဲဒီစီမံကိန်း ၂-ခုက လွဲရင်တော့ သစ်ပင်ခုတ်ရောင်းတဲ့ နေရာမှာ ဗဟိုဖက်ကအခြေအနေနဲ့ အတူတူပါပဲ။ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းအကြား ရာသီဥတု အခြေအနေကွာခြားမှုအရ ဒီဘက်မှာ ကျွန်းသစ် သိပ်မရှိပါဘူး။ ဒါပေမယ့် နော်ဘောကော့လို့ ခေါ်တဲ့ တောပိတောက်သားဟာ ပရိဘောဂထုတ်တဲ့နေရာမှာ သိပ်နာမည်ကြီးတဲ့အတွက် နှစ်ပေါင်း ၃၀၊ ၄၀ ကျော်လောက်ကတည်းက ရှိနေတယ်လို့ ယူဆရတဲ့ လူ ၃၊ ၄ ယောက်ဖက်စာ လုံးပတ်ရှိတဲ့ သစ်ပင်ကြီးတွေကို အမြစ်ပါမကျန် တူးဖော်ပြီး ထိုင်းနဲ့ ကရင်သစ်ကုန်သည်တွေက သယ်ယူနေတာ တွေ့ရပါတယ်။

————–

နယ်စပ်ဈေးတန်းတခုမှာတွေ့ရတဲ့ တောပိတောက်သား ပရိဘောဂများ။

(၂) အမရာစခန်းဝန်းကျင်မှာ ရာသီဥတု ပူနွေးလာခြင်း

၁၉၉၀ နောက်ပိုင်းမှာတော့ နော်ဘောကော့တင် မကတော့ပဲ သစ်ပင်ကြီးအတော်များများကို တနင်္သာရီမြစ် အနောက်ဘက်ကမ်းက ကျနော်တို့ စတင်တောခိုရာ ဘန်းချောင်းဒေသဘက်အထိ ကားလမ်းတွေ ဖောက်ပြီး စီးပွားဖြစ် ရောင်းစားလာတာကို တွေ့ရပါတယ်။

၁၉၉၅ ဝန်းကျင် ရောက်တဲ့အခါမှာတော့ သစ်ပင်ကြီးတွေ နည်းလာလို့လားမသိပါဘူး၊ ကျနော်တို့စခန်းဝန်းကျင်က ကြခတ်ဝါးရုံတွေကိုပါ ဝါးရုံအလိုက် ခုတ်ရောင်းခွင့် ပေးလိုက်တဲ့အတွက် သစ်ရော၊ ဝါးပါ အတော်ပြောင်သွားပါတယ်။ ရာသီဥတုလည်း ကျနော်တို့ တောထဲရောက်ကာစ ၁၉၈၈ ထက်စာရင် ၂-ဆ နီးပါး ပိုပူလာတယ်လို့ ကျနော့်စိတ်ထဲ ခံစားရပါတယ်။

၁၉၉၀ အစောပိုင်း အမရာစခန်းကို ကျနော် ရောက်စအချိန်ကဆိုရင် စခန်းနောက်ကျောက ချောင်းငယ်လေးဟာ နွေရာသီအထိ စမ်းရေစီးနေပြီး အဲဒီချောင်းဖျားမှာ တောကြက်တွေ အများကြီးရှိတဲ့အတွက် ကျနော်တို့ သွားပစ်ကြတာကို မှတ်မိနေပါတယ်။ ဒါပေမယ့် ၁၉၉၃၊ ၉၄ လောက် ရောက်တဲ့အခါမှာတော့ အဲဒီချောင်းဟာ မိုးရာသီလွန်တာနဲ့ လုံး၀ ခမ်းခြောက်သွားပြီး တောလည်းပြုန်းသွားတဲ့အတွက် တောကြက်ပါအဝင် ဘာအကောင် ဗလောင်မှ မရှိတော့ပါ။

KNU နဲ့ ထိုင်းသစ်ကုန်သည်တွေ သစ်တောဖြုန်းတာအပြင် ကျောင်းသားတွေ သစ်တောဖြုန်းတဲ့ ကိစ္စတခုကိုလည်း သတိရတုန်း တင်ပြချင်ပါတယ်။

ရှေ့ပိုင်းမှာတင်ပြခဲ့တဲ့ ပြည်ခြား – ပုလောဒေသ စစ်ကြောင်းသွားချိန်ဟာ ပုလောမြို့နယ်အတွင်း သဘာဝသစ်ခွပန်းတွေ (ဒေသအခေါ် စဗူပန်း) သစ်ပင်ကြီးတွေရဲ့ ခွဆုံတွေပေါ်မှာ ပွင့်တဲ့အချိန် ဖြစ်ပါတယ်။ လစာမရှိ၊ ဝင်ငွေမရှိတဲ့ ရဲဘော်တွေဟာ ဆေးလိပ်ဖိုး၊ ဟင်းဖိုး လိုတဲ့အတွက် အချိန်အားရတိုင်း အဲဒီပန်းတွေကို လိုက်ခူးကြပါတယ်။

တနေ့မှာ ကျနော်လိုက်သွားကြည့်တော့ သစ်ပင်ပေါ်တက်ပြီး သစ်ခွပန်းကို ခူးယူတာမျိုးမဟုတ်ပဲ သစ်ခွပန်းရှိတဲ့ သစ်ကိုင်းတခုလုံးကို အရင်းကနေ ခုတ်ချပြီး အောက်ရောက်မှ ပန်းကိုယူတာ၊ ဒါမှမဟုတ် အပင်လိုက်ခုတ်လဲှပြီးမှ ပန်းကို ယူတာမျိုး တွေ့ရပါတယ်။

“သတင်းထောက်ကြီး ကလည်းဗျာ၊ လူတိုင်းဒီလိုပဲ ခုတ်နေကြတာပဲ။ ကျနော်တို့ မခုတ်လည်း သူများတွေခုတ်မှာပါပဲ။ တောထဲက သစ်ပင်ကို ဘယ်သူမှ မပိုင်ဘူး။ ဘယ်သူကမှလည်း ဒီအပင်တွေကို လာစိုက်ထားတာ မဟုတ်ဘူး” လို့ ရဲဘော်တချို့က ဆင်ခြေပေးတာကို ကျနော် အမှတ်ရနေပါတယ်။

တခါ ပြည်ခြားကနေ တပ်ရင်းအပြန်လမ်းမှာလည်း တောဓညင်းသီး အပါဝင် စားလို့ရသမျှ သစ်သီး သစ်ရွက်တွေအတွက် တောထဲက သစ်ပင်တွေကို ဘာမှစဉ်းစားမနေပဲ အလွယ်တကူခုတ်လဲှ၊ ခုတ်ယူခဲ့ကြတာကို ကျနော် မှတ်မိနေပါတယ်။

ဒါတွေဟာ အရှိတရားကို ပြောနေခြင်းသာဖြစ်ပြီး KNU အပါဝင် နယ်စပ်တကျောက လက်နက်ကိုင် အဖွဲ့တွေကို အပြစ်တင်နေခြင်း မဟုတ်ပါ။ ပြည်တွင်းစစ်ဖြစ်ခဲ့တဲ့ အိမ်နီးချင်း ကမ္ဘောဒီယား အပါဝင် အာဖရိကနိုင်ငံတွေမှာလည်း အလားတူ သစ်တောတွေ၊ သဘာ၀ ပတ်ဝန်းကျင်တွေ အကြီးအကျယ် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

—————

တနသာၤရီမြစ်တလျောက် ကားလမ်းဖောက်နေတာကို ၂၀၁၄ ခုနှစ်က တွေ့ရစဉ်။

(၃) စစ်တပ်အုပ်ချုပ်တဲ့ နယ်မြေက သူပုန်နယ်မြေထက် ပိုဆိုးနေသလား

ဆိုလိုတာကတော့ နယ်မြေတည်ငြိမ်မှုမရှိသေးတဲ့ တော်လှန်ရေးနယ်မြေမှာ သာမန်နိုင်ငံတခုလို ကုန်ထုတ်လုပ်မှုကနေ ငွေရှာဖို့ သိပ်မလွယ်တော့ အလွယ်နည်းဖြစ်တဲ့ ကိုယ်နယ်မြေထဲက သစ်ပင်တွေကို လက်ညှိုးထိုး ရောင်းရတာ၊ ခဲမိုင်း၊ သတ္တုမိုင်းရှိတဲ့နေရာတွေကို လက်ညှိုထိုး ရောင်းတဲ့ အလုပ်ကိုပဲ မလွဲှမရှောင်သာ လုပ်ကြရတာပါ။

အဲဒီကရတဲ့ ငွေတွေနဲ့ အင်အားသောင်းနဲ့ချီရှိတဲ့ တော်လှန်ရေးတပ်သားတွေကို ကျွေးမွေးရေး၊ လက်နက်ခဲယမ်း ဖြည့်ဆည်းပေးရေး၊ တိုက်ပွဲဖော်ဆောင်ရေးတွေကို ဆောင်ရွက်ခဲ့ရတဲ့ သဘောရှိပါတယ်။

တချို့ ဝေဖန်သူတွေကတော့ နယ်မြေ ၈၀-ရာခိုင်နှုန်းကျော်ကို တည်တည်ငြိမ်ငြိမ် ထိမ်းချုပ်ထားနိုင်တဲ့ နဝတ-စစ်အစိုးရကလည်း ကုန်ထုတ်လုပ်မှုကနေ ဝင်ငွေရှာတာမျိုး မလုပ်ပဲ သူပုန်တွေနဲ့ ထူးမခြားနား သစ်ပင် ခုတ်ရောင်း၊ မိုင်းတွေတူးရောင်း၊ ရေနဲ့ဓာတ်ငွေ့ထွက်တဲ့ နေရာတွေကို လက်ညှိုထိုး ရောင်းစားတဲ့ “သွပ်မိုးခွာ အိမ်တိုင်ဖြုတ်ရောင်း” တဲ့ စီးပွားရေးစနစ်ကိုပဲ လုပ်နေဆဲဖြစ်တယ်လို့ ထောက်ပြကြပါတယ်။

တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု အတော်များများဟာ ပြည်တွင်းစစ် တခုတည်းကြောင့်လို့ ပြောဖို့ခက်နေပါတယ်။ ပြည်တွင်းစစ် ရပ်စဲစပြုနေတဲ့ အခုအချိန်မှာလည်း (၂၀၁၃ ခုနှစ်ကိုဆိုလို) သစ်တောတွေကို ခုတ်ရောင်းဆဲ၊ တွင်းထွက်တွေ၊ ဓာတ်ငွေ့တွေကို အရင်က လိုပဲ ရောင်စားနေဆဲ ဖြစ်တာကို တွေ့နေရပါတယ်။

မင်းသမီးခစန်းဝန်းကျင်က တောတောင်တွေကို ၂၀၁၄ ခုနှစ်က တွေ့ရစဉ်။

 ………………………………………

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၂) >>>>>

ထက်အောင်ကျော်