လောင်းလုံးက အမျိုးသား ၂ ဦးကို ပစ်သတ်ခဲ့ဟု ပကဖထုတ်ပြန်

0
3785

လောင်းလုံးမြို့နယ် ရဘဲကျေးရွာနှင့် ချောင်းဖျားကြီးရွာက ဦးကိုနိုင်နိုင်နှင့် ဦးညိုအေးတို့ နှစ်ဦးအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (LLPDF) က ဒီဇင်ဘာလ ၁၂ ရက်က ထုတ်ပြန်သည်။

ရဘဲရွာက ဦးကိုကိုနိုင်ဆိုသူမှာ ပျူစောထီးအဖွဲ့ဝင်များ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ခရီးသည်များအား တားဆီးစစ်ဆေးခြင်း၊ ပျူစောထီးအဖွဲ့ဝင်များ စုဆောင်းစည်းရုံးခြင်းတို့ လုပ်ဆောင်နေသဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဦးညိုအေးမှာ  စစ်ကောင်စီခန့် ချောင်းဖျားကြီးကျေးရွာ ရာအိမ်မှူးတစ်ဦးဖြစ်ပြီး စစ်ဘေးရှောင်လာသူများကို အနီးရှိ ရဲစခန်းသို့ သတင်းပေးတိုင်ကြားမှုများ ပြုလုပ်ခဲ့သဖြင့် ပစ်ခတ်ရှင်းလင်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။

အထက်ပါအချက်များမှာ ထုတ်ပြန်ချက်အရ သိရခြင်းဖြစ်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

“ဦးနိုင်နိုင်သေနေတာကို အရင်သိရတာ။ သူကိုဘယ်မှာ ပစ်သတ်လဲတော့မသိဘူး။ ချောင်းဖျားကြီးရွာကိုဝင်တဲ့လမ်းမှာ အလောင်းကိုလာပစ်သွားတာ။ ပြီးမှ ဦးညိုအေးကို သွားပစ်သတ်တာထင်တယ်” ဟု ရဘဲဒေသခံတစ်ဦးကဆိုသည်။

ရဘဲနှင့် ချောင်းဖျားကြီးကျေးရွာအနီးတွင် နိုဝင်ဘာလ ၂၃ ရက်က ပျူစောထီးအဖွဲ့ဝင် ဟုဆိုသည့် အမျိုးသား ၃ ဦးနှင့် အမျိုးသမီးတစ်ဦးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်သတ်ခဲ့သေးသည်။

ယင်းနောက် နိုဝင်ဘာလ ၂၅ ရက်တွင် ညောပြင်ကျေးရွာသို့ စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့က ဝင်ရောက်လာပြီး ပစ်ခတ်မှုဖြစ်ပွားရာ ဒေသခံအမျိုးသား ၂ ဦး ပစ်သတ်ခံရပြန်သည်။

ညောပြင်ဒေသခံအချို့လည်း အဖမ်းခံရပြီး ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင် ခဲ့ကြရသည်။ အချို့မှာ ချောင်းဖျားကြီးကျေးရွာတွင် သွားရောက်တိမ်းရှောင် နေထိုင်ကြခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် ရဘဲနှင့် ချောင်းဖျားကြီးကျေးရွာက အမျိုးသားနှစ်ဦး တစ်နေ့တည်းပစ်သတ်ခံလိုက်ရခြင်းဖြစ်သည်။