မြိတ်တွင် ရေမီတာများ မကြာခဏဖြုတ်ခိုးခံနေရ

0
3496

မြိတ်မြို့ရှိ ရပ်ကွက်အချို့တွင် ရေမီတာများ မကြာခဏဖြုတ်ခိုးခံနေရကြောင်း ရပ်ကွက်နေထိုင်သူများထံမှ သိရသည်။

ရေပေးဝေဖြန့်ဖြူးရာတွင် အသုံးပြုသည့် တရုတ်နိုင်ငံထုတ် ပလက်စတစ် ရေမီတာနှင့် ထိုင်းနိုင်ငံထုတ် ကြေးမီတာ နှစ်မျိုးရှိသည့်အနက် ကြေးမီတာများ ဖြုတ်ခိုးခံနေရကြောင်း မြိတ်မြို့နေ ပြည်သူများက ပြောသည်။

“သူများအိမ်ရေလာပြီး ကိုယ့်အိမ် ရေမလာဘူးဆိုတော့ ပိုက်တွေဘာတွေ ပေါက်နေသလားပေါ့၊ လိုက်ကြည့်တယ်။ အဲဒီတော့မှ မီတာနေရာကရေ တစ်ဟောဟောထွက်ပြီး (ရေမီတာ) ဖြုတ်ခိုးခံရမှန်း သိလိုက်ရတယ်” ဟု မြိတ်မြို့၊ စက်ဝင်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

ရေမီတာများ ဖြုတ်ခိုးခံရမှုမှာ ၎င်းတစ်အိမ်တည်းမဟုတ်ဘဲ အိမ်နီးချင်းနေအိမ်အချို့တွင်လည်း ယင်းသို့ အခိုးခံခဲ့ရကြောင်း ၎င်းက ဆိုသည်။

အလားတူ မြို့သစ်ရပ်ကွက်တွင်လည်း မီတာဖြုတ်ခိုးခံနေရကြောင်း ဒေသခံ နောက်တစ်ဦးကလည်း ပြောဆိုသည်။

“ဒီအခိုးခံရတဲ့ ရှမ်း (ထိုင်း) မီတာက ဈေးကြီးတယ်။ အခုဆိုဝယ်မသုံးနိုင်တော့ဘူး။ တရုတ်မီတာပဲ ပြောင်းသုံးနေကုန်ကြပြီ” ဟု ၎င်းက ပြောသည်။

ထိုင်းထုတ် မီတာတစ်လုံး လက်ရှိပေါက်ဈေး ကျပ်သုံးသောင်းခွဲနှင့် လေးသောင်းကြား ရှိနေပြီး တရုတ်ထုတ်မီတာမှာ တစ်လုံး ရှစ်ထောင်ငါးရာသာရှိကြောင်း မီတာအရောင်းဆိုင်များထံမှ သိရသည်။

အခိုးခံရသူတစ်ဦးကမူ ထိုင်းထုတ် ရေမီတာကို အဟောင်းပစ္စည်းဆိုင်မှ ကျပ်တစ်သောင်းခွဲပေးကာ ပြန်လည်ဝယ်ယူခဲ့ရကြောင်း ဆိုသည်။

ရေမီတာများကို ဖြုတ်ပြီး ခိုးယူသူကို မသိရသော်လည်း ပလက်စတစ်ကောက်သည့် ကလေးအုပ်စုအချို့ မကြာခဏ နေအိမ်လမ်းကြားသို့ လာရောက်တတ်ကြသည်ဟု ၎င်းတို့ထံမှ သိရသည်။

ရေမီတာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန် အများအားဖြင့် နေအိမ်လမ်းကြားနှင့် အိမ်အပြင်ဖက်တို့တွင် ထားလေ့ ရှိကြသည်။

မြိတ်မြို့တွင် စည်ပင်ရေဖြန့်ဖြူးရေးနှင့် ပုဂ္ဂလိက ရေဖြန့်ဖြူးရေးနှစ်မျိုးရှိရာ အများစုမှာ ပုဂ္ဂလိကရေဖြန့်ဖြူးမှုအပေါ် အားထားနေရကြောင်း မြို့ခံများက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မြိတ်မြို့တွင် ဆိုင်ကယ်ခိုးမှု၊ ဖုန်း၊ ပိုက်ဆံအိတ်၊ လည်ဆွဲလုယက်မှု၊ လူမရှိသည့်အိမ်တွင် လျှပ်စစ်မီးသီး၊ ဝါယာကြိုးများ ပျောက်ဆုံးမှုများ ယခင်ကထက် ပိုမိုဖြစ်ပေါ်လာနေကြောင်း ဒေသခံများက ဆိုသည်။

လုယက်မှု၊ အခိုးခံရမှုများနှင့် ပတ်သက်ပြီး အများစုမှာ ရဲစခန်းသို့ တိုင်ကြားလေ့ မရှိကြတော့ကြောင်း ၎င်းတို့က ဆိုသည်။