ထိုင်းတွင် ခန္ဓာကိုယ်ထိခိုက်မှုအတွက် မြန်မာလုပ်သားတစ်ဦး နစ်နာကြေး ဘတ်သုံးသိန်းကျော်ရ

0
3215
Photo - MWRN

ထိုင်းနိုင်ငံ စက်ချွတ်ယွင်းမှုကြောင့် လက်ချောင်းသုံးဆုံး ရှုံးဆုံးသွားသည့် မြန်မာ အမျိုးသမီးအလုပ်သမားတစ်ဦး နစ်နာကြေးငွေ ဘတ်သုံးသိန်းသုံးသောင်းကျော်ရရှိခဲ့ကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) က ယနေ့ ဒီဇင်ဘာလ ၁၃ရက် ထုတ်ပြန်သည်။

စမွတ်စခွန်ခရိုင် ကထုဘင်ဒေသရှိ သံထည်ပစ္စည်းစက်ရုံတွင် လုပ်ကိုင်ခဲ့သော မြန်မာအလုပ်သမားသည် စက်ပစ္စည်း ချို့ယွင်းမှုကြောင့် ဘယ်ဘက် လက်ချောင်း သုံးချောင်းကို ယခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ဖြတ်ထုတ်ခဲ့ရသည်။

ထို့ကြောင့် လုပ်ငန်းခွင်ထိခိုက်မှုအတွက် နစ်နာကြေးရရှိရန် ကူညီဆောင်ရွက်ပေးရန် MWRN ထံသို့ အကူအညီ တောင်းခံလာကြောင်း အဆိုပါကွန်ရက်ထံမှ သိရသည်။

မြန်မာအလုပ်သမား၏ အချက်အလက်များကို စစ်ဆေးရာတွင် အလုပ်ရုံ၏စာရွက်စာတမ်း အပြည့်အစုံရှိသော်လည်း လုပ်ငန်းရှင်သူဌေးက လူမှုဖူလုံရေး (ပကန်စခွန်) ဆောင်ရွက် မပေးထားကြောင်း MWRN ထံမှ သိရသည်။

စာရွက်စာတမ်း မှန်ကန်သော်လည်း လူမှုဖူလုံရေး မလုပ်ပေးထားသဖြင့် နစ်နာကြေးရရှိရန်အတွက် ကထုဘင် လူမှုဖူလုံရေးရုံးသို့ ဩဂုတ်လတွင် တိုင်ချက်ဖွင့်ကာ အလုပ်ရုံသို့ ဖိအားပေးတောင်းဆိုခဲ့ကြောင်း ယင်းကွန်ရက်ထံမှ သိရသည်။

လူမှုဖူလုံရေးရုံး တာဝန်ရှိသူများက အလုပ်ရှင်ကို နောက်ကြောင်းပြန် ရန်ပုံငွေထည့်ခိုင်းခဲ့ပြီး နစ်နာကြေးအနေဖြင့် ဘတ် ၃၃၉,၉၃၅ ဘတ်ကို ဒီဇင်ဘာလ ၉ ရက်နေ့တွင် ရရှိခဲ့ကြောင်း MWRN ထံမှ သိရသည်။

“တိုင်ချက်ဖွင့်ပြီး စာရွက်စာတမ်းတွေ ဘဏ်စာအုပ်တွေ ပြင်ဆင်နေရတာနဲ့ ငါးလလောက်ကြာသွားတယ်။ အမှန်ဆိုရင်တော့ လေးသိန်းနီးပါးရမယ်။ လျော့ကြေးတွေနဲ့ဆိုတော့ သုံးသိန်းကျော်လောက်ရခဲ့တယ်” ဟု MWRN မှ အလုပ်သမားတာဝန်ခံ ကိုဇော်က ပြောသည်။

တရားဝင်မြန်မာအလုပ်သမားများသည် လူမှုဖူလုံရေး ရန်ပုံငွေသွင်းထားပါက လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့လျှင် နစ်နာကြေးရရှိရမည်ဖြစ်ပြီး အကယ်၍ မရရှိခဲ့ပါက အလုပ်သမားအဖွဲ့အစည်းများထံသို့ ဆက်လက်အကူညီတောင်းကာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း MWRN ထံမှ သိရသည်။