သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၉)

0
2539
၂၀၁ တပ်ရင်း ၂ ဖက်ပြန်လည်ပေါင်းစည်းရေး ဆောင်ရွက်ခဲ့သူများကို မင်းသမီးစခန်းမှာ တွေ့ရစဉ်။

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၈)

အပိုင်း-၅- (တနင်္သာရီရိုးမပေါ်က ခေတ်သစ်ကိုလံဘတ်များ)

အခန်း-၃၉-

(၁) ညီလာခံဆုံးဖြတ်ချက်ကို လက်မခံသူ ၃၀-ခန့် ထိုင်းထဲထွက်သွားခြင်း

ဘက်မလိုက်အဖွဲ့ ညီလာခံအတွင်း အများစုဆန္ဒမဲအရ ဒေါက်တာနိုင်အောင် ဗဟိုနဲ့ပေါင်းဖို့ ဆုံးဖြတ်လိုက်တယ်ဆိုပေမယ့် ဒီဆုံးဖြတ်ချက်ဟာ ၁၀၀% ထောက်ခံမှုရခဲ့တာမျိုးတော့ မဟုတ်ပါ။ ၂-နှစ်ကျော် ဘက်မလိုက်အဖြစ် သီးခြားရပ်တည်လာပြီးမှ မူလပန်းတိုင်ဖြစ်တဲ့ ဗဟို ၂-ခု ပြန်ပေါင်းတဲ့အထိ မလုပ်နိုင်ပဲ လက်လျှော့လိုက်တဲ့ ခေါင်းဆောင်တွေ၊ ကော်မတီတွေအပေါ် ရဲဘော်အများစုက အတော်လေး အားမလိုအားမရ ဖြစ်သွားပုံရပါတယ်။

“ဒီလိုပေါင်းမယ်ဆိုရင် အစကတည်းက ဘာလို့ ဘက်မလိုက် ရပ်သေးလဲ” လို့ ပြင်းပြင်းထန်ထန်ဝေဖန်ပြီး ဒါဇင်နဲ့ချီတဲ့ ရဲဘော်တွေ တပ်ကနေ နှုတ်ထွက်ကုန်ကြပါတယ်။ ကျနော်မှတ်မိသလောက်ဆိုရင် ကျနော်တို့ ဘက်မလိုက် တပ်အင်အား ၁၅၀-ကျော်ထဲက ၃၀-လောက်အထိ ချက်ချင်းထွက်သွားကြတဲ့အတွက် ထိုင်းနိုင်ငံသို့ ဂိတ်အဝင်အထွက်တွေကို KNU ဘက်က တင်းကျပ်လိုက်တဲ့ အထိဖြစ်ခဲ့ပါတယ်။

ဆိုလိုတာကတော့ အရင်ကဆိုရင် လက်နက်ကိုင် တော်လှန်ရေးကို စိတ်ကုန်လို့ဖြစ်စေ၊ တောတွင်းဘ၀ ကြမ်းတမ်းမှုကို မခံနိုင်လို့ဖြစ်စေ၊ တခြားအကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ တပ်ကနေ နုတ်ထွက်သွားတဲ့ ရဲဘော်တဦးစ၊ နှစ်ဦးစ KNU ဂိတ်တွေကိုဖြတ်ပြီး ထိုင်းထဲဝင်သွားတာ သိပ်မသိသာပေမယ့် အခုလို လူဒါဇင်နဲ့ချီပြီး တကြိမ်တည်း ထထွက်သွားတဲ့ အခါမှာတော့ KNU ဘက်က စိတ်ပူသွားတာလို့ ယူဆရပါတယ်။

ဒီအတွက် ဒီလိုတားဆီးတဲ့ KNU ကျောင်းသားရေးရာတာဝန်ခံ ပဒိုမန်းငြိမ်းမောင်အပေါ် ထွက်သွားတဲ့ရဲဘော်တွေက အမြင်စောင်းမှုတွေ ဖြစ်ခဲ့သေးတယ်လို့ နောက်ပိုင်းကျမှ ပြန်သိခဲ့ရပါတယ်။

ပင်လယ်ပြင်စစ်ကြောင်းမှူး ကိုဇော်မင်းအား တပ်ရင်း သင်တန်းကျောင်းတွင် တွေ့ရစဉ်။

(၂) ဒု ရင်းမှူးနှင့် ပင်လယ်ပြင်စစ်ကြောင်းမှူး လုပ်ကြံခံရခြင်း

နောက်တချက်ကတော့ ဘက်မလိုက်အဖွဲ့ ညီလာခံလုပ်တဲ့အချိန်အထိ ပင်လယ်ပြင်ထဲ ခရီးလွန်နေတဲ့ ပင်လယ်ပြင်စစ်ကြောင်းမှူး ကိုဇော်မင်းနဲ့ တပ်ဖွဲ့ဝင်တချို့ဟာ ညီလာခံရဲ့ ဆုံးဖြတ်ချက်ကို လက်မခံဘူးလို့ သိရပါတယ်။

တခါ ဒုရင်းမှူး ကိုမင်းဇော်သူကလည်း ပင်လယ်ပြင်စစ်ကြောင်းအတွက် အရေးပေါ်ကိစ္စရှိလို့ဆိုပြီး ညီလာခံမပြီးခင်မှာ မင်းသမီးစခန်းကနေ ရနောင်းကို ဆင်းသွားပါတယ်။ တလလောက် ကြာတဲ့အခါမှာတော့ တပ်ရင်းမှူး ကိုသောင်းညွန့် ကိုယ်တိုင်လည်း ရနောင်းဖက်ဆင်းပြီး ဒုရင်းမှူးနဲ့အတူ ပင်လယ်ပြင် စစ်ကြောင်းကိစ္စ ဆက်လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီလိုနဲ့ ၁၉၉၃ အောက်တိုဘာ လလယ်လောက်မှာတော့ ဒုရင်းမှူး ကိုမင်းဇော်သူနဲ့ ပင်လယ်ပြင်စစ်ကြောင်းမှူး ကိုဇော်မင်းတို့ ၂-ဦး ရနောင်းမှာ ပျောက်ဆုံးသွားတယ်လို့သတင်းထွက်လာပါတယ်။

သူတို့အဖွဲ့ဟာ ထိုင်းငါးဖမ်းလှေတွေ၊ မြန်မာဖက်က သစ်မှောင်ခိုလှေတွေမှာ အခွန်တွေကောက်ပြီး အဲဒီငွေတွေနဲ့ ရနောင်းဘက်မှာ လက်နက်ဝယ်ကာ ပင်လယ်ထဲ ပြန်မဆင်းခင်လေးမှာ အခုလိုဖြစ်သွားတာလို့ ဆိုပါတယ်။ ရနောင်းမှာနေထိုင်တဲ့ ဘုတ်ပြင်းမြို့နယ် အခြေစိုက် သစ်လုပ်ငန်းပိုင်ရှင်တဦးက ဖိတ်ကြားတဲ့ ညစာစားပွဲကိုအသွားမှာ အခုလို ပျောက်ဆုံးသွားတာ ဖြစ်တယ်လို့ အဲဒီကာလက သူတို့အဖွဲ့နဲ့အတူ တာဝန်ထမ်းဆောင်နေသူတဦးက ပြောပါတယ်။

ကိုမင်းဇော်သူနဲ့ ကိုဇော်မင်းတို့ ပျောက်ဆုံးတဲ့သတင်းကြားရတာ နှစ် ၂၀-ကျော်သွားပြီဖြစ်ပေမယ့် ဘယ်အဖွဲ့အစည်းကမှ အတိအကျ စုံစမ်းဖော်နိုင်ခြင်း မရှိသေးပါဘူး။

(၃) ဘက်မလိုက်အဖွဲ့နှင့် ဒေါက်တာနိုင်အောင်အဖွဲ့ ပေါင်းစည်းခြင်း

အကွဲအပြဲရဲ့ ဒဏ်ရာဒဏ်ချက်တွေအဖြစ် နုတ်ထွက်သူ၊ ကျဆုံးဆုံးသူတွေ ရှိခဲ့ပေမယ့်လည်း မပြီးဆုံးသေးတဲ့ တော်လှန်ရေးတာဝန်တွေကို ဆက်လုပ်နိုင်ဖို့ ၂၀၁-တပ်ရင်း ၂-ခု ပြန်လည်ပေါင်းစည်းရေးကို ကျနော်တို့ ဆက်လက်ဆောင်ရွက်ခဲ့ရပါတယ်။

ဒီလိုတပ်ရင်း ၂-ခု ပြန်ပေါင်းစည်းမှုမှာ အဓိက တာဝန်ယူ ဆောင်ရွက်သူတွေကတော့ ဘက်မလိုက်အဖွဲ့ဘက်က အတွင်းရေးမှုး ကိုအောင်မော်၊ စည်းရုံး-ပြန်ကြားတာဝန်ခံ ဆရာ ဦးဟန်လင်း၊ တပ်ရေး-တပ်ထောက်အရာရှိ ကိုမင်းဇော်ရွှေ၊ တပ်ခွဲမှူးတွေဖြစ်တဲ့ ကိုသိန်းမြင့်ကျော်၊ ကိုခင်မောင်ချိုနဲ့ ကိုအောင်သန့်တို့ ၆ ဦး ဖြစ်ပါတယ်။

ကိုနိုင်အောင်တို့ ၂၀၁ ဘက်မှာ တာဝန်ယူ ဆောင်ရွက်သူတွေကတော့ တပ်ရင်းမှူး ကိုဇော်သန်း၊ ဒုရင်းမှူး ဆရာဦးအောင်မြင့်၊ ရေး-ထောက်အရာရှိ ကိုဝင်းအောင်၊ တပ်ခွဲမှူးတွေဖြစ်တဲ့ ကိုဘုန်းကျော်နဲ့ ကိုမြင့်လွင်တို့ ဖြစ်ပါတယ်။

ကျနော်ကတော့ တပ်ရင်း ၂ ခု ပြန်ပေါင်းစည်းချိန်မှာ မင်းသမီးဒေသမှာ မရှိတော့ပဲ ပရာကျွတ်၊ ထပ်စကဲဘက်ရှိ မွန်ပြည်သစ်ပါတီ မြိတ်ခရိုင်မှာ ပင်လယ်ပြင်ကိစ္စ တာဝန်ယူနေရပါတယ်။

ကျနော်တို့ ဘက်မလိုက်အဖွဲ့က ဒေါက်တာနိုင်အောင် ဗဟိုနဲ့ ပေါင်းစည်းကြောင်း ကြေညာချက်ထုတ်ပြီး ရက်ပိုင်းအတွင်းမှာတင် ဒေါက်တာနိုင်အောင် ဗဟိုရဲ့ တောင်းပိုင်းစစ်ဒေသ၊ သို့မဟုတ် အဲဒီကာလအခေါ် တောင်ပိုင်းဒေသ ဗဟိုအလုပ်ဖွဲ့ (ဗလဖ) အဖွဲ့ခေါင်းဆောင်နဲ့ ဗဟိုအတွင်းရေးမှူး (၁) ကိုအောင်ထူး (အခု မြန်မာနိုင်ငံ ရှေ့နေများကောင်စီ) က ကျနော်ကို ဗလဖအဖွဲ့ဝင်အဖြစ် ချက်ခြင်း တာဝန်ပေးလိုက်လို့ ဖြစ်ပါတယ်။

၂၀၁ တပ်ရင်း ပြန်ပေါင်းပြီးချိန် မင်းသမီးခစန်းက မွန်းမံသင်တန်းဆင်းပွဲတခု…။

(၄) ပင်လယ်ပြင်မှာ ရန်ပုံငွေရှာခြင်းနှင့် တောင်ပိုင်း ဗလဖ

ပင်လယ်ပြင်စစ်ကြောင်းတွေနဲ့ ပတ်သက်ပြီး ရှေ့ပိုင်းအခန်းတွေမှာ အတော်များများ တင်ပြခဲ့ပြီး ဖြစ်တဲ့အတွက် ပင်လယ်ပြင်အပေါ် တော်လှန်ရေးတပ်တွေ ဘယ်လောက် စိတ်ဝင်စားမှုပြင်းပြနေသလဲဆိုတာကို စာဖတ်ပရိသတ် ခန့်မှန်းမိမှာပါ။

ဒီလိုနဲ့ တောင်ပိုင်းဒေသ ဖလဖ-အဖွဲ့ဝင်ဖြစ်လာတဲ့ ကျနော်ဟာ အဖွဲ့ဝင်ဖြစ်ပြီး သတင်းတပတ်လောက် အတွင်းမှာတင် “ပူးတွဲပင်လယ်ပြင်ရန်ပုံငွေ ရှာဖွေရေး” ရုံးမှာ တာဝန်ပေးခံလိုက်ရပါတယ်။

ပူးတွဲဆိုတာဟာ ကျနော်တို့ ABSDF တပ်တွေအချင်းချင်း ပူးတွဲတာတင်မကပါဘူး။ ပင်လယ်ပြင်အတွင်းလှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်တွေအားလုံး ပူးတွဲဆောင်ရွက်မယ်ဆိုတဲ့ သဘောလို့ ကျနော်နားလည်ပါတယ်။

ဒါပေမယ့် တကယ်တမ်း ဆောင်ရွက်တဲ့အခါမှာတော့ အဓိကတပ်ကြီးဖြစ်တဲ့ KNU မပါပဲ မွန်ပြည်သစ်ပါတီ – မြိတ်ခရိုင်ရယ်၊ ဗကပ – မြိတ်ခရိုင်နဲ့ ကျနော်တို့ ABSDF ဒေါက်တာနိုင်အောင် ဗဟိုဘက်က အင်အားစု ၃-ခုသာ ဖြစ်နေတာကို ကျနော်တွေ့ရပါတယ်။ (အဲဒီအချိန် ဗကပ တနသာင်္ရီတိုင်းကနေ မြိတ်ထားဝယ်-ညီညွတ်ရေးတပ်ဦးအဖြစ် အမည်ပြောင်းထားပြီးဖြစ်ပေမယ့် မူလအမည်ဖြစ်တဲ့ ဗကပ-အဖြစ်ပဲ ခေါ်နေကြဆဲဖြစ်ပါတယ်။)

ပူးတွဲပင်လယ်ပြင်အဖွဲ့အကြောင်း မပြောခင် တောင်ပိုင်း ဗလဖ အကြောင်း အကျဉ်းတင်ပြချင်ပါတယ်။ ကိုနိုင်အောင်တို့ ဗဟိုလက်အောက်ခံ တောင်ပိုင်းတပ်ရင်း ၃-ခု ဖြစ်တဲ့ ၁၀၁၊ ၂၀၁ နဲ့ ၂၀၃ တပ်ရင်းကိုယ်စား ဦးစီးဆောင်ရွက်နိုင်ဖို့ အတွင်းရေးမှုး-၁- ကိုအောင်ထူး ကိုယ်တိုင်ဦးစီးတဲ့ ဗဟိုအလုပ်ဖွဲ့တခု ကျနော်တို့ ဘက်မလိုက်အဖြစ်လှုပ်ရှားနေကတည်းက မင်းသမီးဒေသမှာ လာရောက် အခြေစိုက်ထားပါတယ်။

အဲဒီအဖွဲ့မှာ တပ်ရင်းအသီးသီးက ကိုယ်စားလှယ်တွေအဖြစ် ၁၀၁-က ကိုတင်စိုးနောင်၊ ၂၀၁-က ကျနော်နဲ့ ကိုကျော်ထင်၊ ၂၀၃-က ကိုသောင်းထွန်းတို့အပြင် ဗဟိုကော်မီတီတွေထဲက ကိုဝေလင်းဇင်၊ ကိုဝင်းနိုင်၊ ကိုကျော်မိုး အပါအဝင် ဗဟိုဆက်သွယ်ရေး၊ ဆေးနဲ့ စည်းရုံးရေးဌာနက အဖွဲ့ဝင်တွေလည်း ဒီအဖွဲ့မှာ ပါဝင်နေတာကို တွေ့ရပါတယ်။ (အလယ်ပိုင်း ဒေသအပါဝင် တခြားဒေသတွေမှာလည်း အလားတူ အလုပ်ဖွဲ့-ဗလဖ တွေနဲ့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။)

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၀) >>>>>

ထက်အောင်ကျော်