ဖူးခက်တွင် ကားတိုက်မှုကြောင့် မြန်မာလုပ်သား ၁၄ဦး ဒဏ်ရာရ

0
3213

ထိုင်းနိုင်ငံ ဖူးခက်ခရိုင်တွင် မြန်မာအလုပ်သမားများစီးလာသည့် လိုင်းကားကို ကားတစ်စီးက နောက်ကဝင်တိုက် သဖြင့် လိုင်းကားမှာ လမ်းချော်ကာ လမ်းလယ်ရှိ ထန်းပင်ကို ဝင်တိုက်သဖြင့် မြန်မာအလုပ်သမား ၁၄ဦး ဒဏ်ရာရ ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

မြန်မာအလုပ်သမားများသည် အငှားကားတစ်စီးဖြင့် ဒီဇင်ဘာလ ၁၁ ရက် နံနက်စောစောတွင် ဈေးသွားစဉ် ထလာင်းဒေသ ထေ့ကစမ်ရီလမ်းပေါ်တွင်၌ ယင်းသို့ဖြစ်ပွားခြင်းဖြစ်ကြောင်း ရေးသားထားသည်။

ပစ္စည်းပို့သည့် ပစ်ကပ်ကားက အနောက်က ဝင်တိုက်သဖြင့် အရှိန်မထိန်းနိုင်တော့ဘဲ လမ်းလယ်ရှိ ထန်းပင်ကို ဝင်တိုက်မိခြင်းဖြစ်သည်ဟု မြန်မာအလုပ်သမားစီးလာသည့်ကားမှ ကားမောင်းသူက ပြောဆိုကြောင်း ဖော်ပြသည်။

ယင်းဖြစ်ရပ်တွင် မြန်မာအလုပ်သမား ၁၄ ဦးနှင့် ထိုင်းနိုင်ငံသား ကားမောင်းသူတို့ ဒဏ်ရာရကြောင်း ဖော်ပြသည်။

လိုင်းကားမှာ ထန်းပင်ကို ဝင်တိုက်မိသဖြင့် ကားအရှေ့ပိုင်း လုံးဝပျက်စီးနေပြီး ပစ်ကပ်ကားမှာလည်း အခင်းဖြစ် နေရာနှင့် မီတာ ၁၀၀ ခန့်အကွာတွင် ကားအရှေ့ပိုင်း လုံးဝပျက်စီးကာ ရပ်တန့်နေသည်ကို တွေ့ရကြောင်း သတင်းတွင် ဖော်ပြသည်။

ယင်းနေရာသို့ ဖူးခက်ခရိုင် ထလာင်းဒေသရှိ ရဲတပ်ဖွဲ့များ၊ ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာကာ ဒဏ်ရာရသူ များကို ကယ်ဆယ်ရေးအဖွဲ့က ရှေးဦးပြုစုနည်းဖြင့် အရေးပေါ်ကုသပေးခဲ့ပြီး ထလာင်းဆေးရုံ အပါအဝင် အနီးရှိ ဆေးရုံများဆီသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။

ထိုင်းရဲတပ်ဖွဲ့က သက်သေများကို စုစည်းခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

Ref: 77 kaoded, khaophuket